သက်တံ့
၂၄. ၆. ၂၀၂၆
အိမ်အကူဖြစ်သူ၏ လုပ်ဆောင်ချက်အပေါ် မကျေနပ်သဖြင့် မြန်မာနိုင်ငံသူ အိမ်အကူအမျိုးသမီးအား အကြိမ်ကြိမ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပြီး မျက်လုံးကို ပြင်းထန်သော ဒဏ်ရာရရှိစေမှု အပါအဝင် ဒဏ်ရာအများအပြား ရရှိအောင် ပြုလုပ်ခဲ့သည့် အမျိုးသမီးတစ်ဦးအား ထောင်ဒဏ် ချမှတ်လိုက်သည်။
တရားခံဖြစ်သူ ဟေဇယ် ဖန်းဖောင်ယန်း (Hazel Phang Fong Yen) ၏ နှိပ်စက်ညှင်းပန်းမှုများသည် သူမ၏ မောင်ဖြစ်သူက အိမ်အကူအမျိုးသမီးတွင် သွေးထွက်သံယိုဖြစ်နေသည်ကို သမီးဖြစ်သူမှတစ်ဆင့် သိရှိသွားပြီးနောက် ဆေးရုံသို့ ခေါ်ဆောင်သွားရာမှတစ်ဆင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အသက် ၆၇ နှစ်အရွယ်ရှိ ဖန်းသည် အသက် ၂၇ နှစ်အရွယ်ရှိ မန်ဆန်းဟွေ့ကျင် (Man Sian Hoih Cing) အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ယနေ့ ဇွန်လ ၂၄ ရက်တွင် ထောင်ဒဏ် ၄ လ ချမှတ်ခြင်း ခံခဲ့ရသည်။
ထို့အပြင် ပြစ်မှုကျူးလွန်သူအနေဖြင့် နစ်နာကြေးအဖြစ် စင်ကာပူဒေါ်လာ ၄,၄၄၀ ပေးလျော်ရန် အမိန့်ချမှတ်ခံရပြီး အဆိုပါငွေကြေးကို မပေးလျော်နိုင်ပါက နောက်ထပ် ထောင်ဒဏ် ၄ ပတ် ထပ်မံကျခံရမည်ဖြစ်သည်။
ဒုတိယအစိုးရရှေ့နေ မယ်လစ်ဆာ ဟန်း (Melissa Heng) ၏ ပြောကြားချက်အရ ဖန်းသည် အဆိုပါ အိမ်အကူအမျိုးသမီးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် စတင်ငှားရမ်းခဲ့ပြီး ပိုတောင်ပါဆာ (Potong Pasir) အိမ်ရာဘုတ်အဖွဲ့ (HDB) တိုက်ခန်းတစ်ခုတွင် စတင်အလုပ်လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။
နောက်လတွင် ဖန်းက မန်ဆန်းဟွေ့ကျင်အား အစားအစာတစ်ခု၏ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးရန်နှင့် အခြားခိုင်းစရာတစ်ခုကို လုပ်ဆောင်ရန် ခိုင်းစေခဲ့သည်။ သို့သော် အိမ်အကူအမျိုးသမီးက အခြားအလုပ်ကို လုပ်ဆောင်ပြီး သက်တမ်းကုန်ဆုံးရက် စစ်ဆေးရန် မေ့လျော့သွားသည်ကို သိရှိရသောအခါ ဖန်းက ဒေါသတကြီးဖြင့် ၎င်း၏ပါးကို တစ်ချက် ရိုက်နှက်ခဲ့သည်။
ထိုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအတွင်း အခြားဖြစ်စဉ်တစ်ခုတွင်လည်း ဖန်း၏ မိခင်ဖြစ်သူက အိမ်အကူအား အကူအညီတောင်းခံခဲ့သော်လည်း အိမ်အကူက မကြားလိုက်သဖြင့် စိတ်ဆိုးကာ မန်ဆန်းဟွေ့ကျင်၏ ပါးကို တစ်ချက် ထပ်မံရိုက်နှက်ခဲ့ပြန်သည်။
ထို့အပြင် ရေချိုးခန်းအတွင်းရှိ ဆပ်ပြာပုလင်းအချို့ကို ဆေးကြောရန် ခိုင်းစေရာတွင်လည်း နစ်နာသူက ပုလင်းများကို ရေဖြင့် ပက်ဖြန်းဆေးကြောသည့် နည်းလမ်းကို အသုံးပြုသည်ကို မကျေနပ်သဖြင့် အိမ်အကူ၏ မျက်လုံးကို လက်သီးဖြင့် ထိုးကြိတ်ခဲ့သည်။
ဒုတိယအစိုးရရှေ့နေက “၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ အခြားဖြစ်စဉ်တစ်ခုမှာတော့ နစ်နာသူက ကုတင်ခင်းတွေကို လှန်းတန်းပေါ်မှာ လှန်းနေခဲ့ပါတယ်။ တရားခံက လေးလံတဲ့ အခင်းတွေကို လှန်းတန်းရဲ့ အစွန်းဘက်မှာ လှန်းရမလားဆိုပြီး ဆဲဆိုကြိမ်းမောင်းခဲ့ကာ နစ်နာသူရဲ့ လည်ပင်းနဲ့ ရင်ဘတ်တစ်ဝိုက်ကို ကုတ်ခြစ်ခဲ့လို့ သွေးထွက်သံယို ဖြစ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။
တရားရုံးမှတ်တမ်းများအရ ထိုနှစ် အောက်တိုဘာ ၁၅ ရက်တွင် မန်ဆန်းဟွေ့ကျင်တစ်ယောက် အပင်များကို ရေမလောင်းထားသည်ကို တွေ့ရှိရသဖြင့် ဖန်းက ထပ်မံစိတ်ဆိုးကာ နစ်နာသူ၏ မျက်နှာကို အနည်းဆုံး နှစ်ကြိမ်ထက်မနည်း ကုတ်ခြစ်ခဲ့သဖြင့် သွေးထွက်ခဲ့ရပြန်သည်။
နောက်တစ်နေ့တွင် ဖန်း၏ တူမဖြစ်သူ တိုက်ခန်းသို့ ရောက်ရှိလာပြီး နစ်နာသူတွင် သွေးထွက်နေသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူမ၏ဖခင်ကို အကြောင်းကြားခဲ့ကာ ဖခင်ဖြစ်သူက အိမ်အကူအမျိုးသမီးအား Tan Tock Seng ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။
တရားစွဲဆိုရေးအဖွဲ့၏ ပြောကြားချက်အရ မန်ဆန်းဟွေ့ကျင်သည် မျက်လုံးတစ်ဖက်တွင် ပြင်းထန်သော ဒဏ်ရာ (Blunt trauma)၊ မျက်နှာညိုမည်းဒဏ်ရာနှင့် မျက်နှာ၊ ရင်ဘတ်တို့တွင် ပွန်းပဲဒဏ်ရာအများအပြား ရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ နောက်ပိုင်းတွင် သူမသည် ဖန်း၏ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း တရားရုံးက ကြားသိရသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် အိမ်အကူများဆိုင်ရာဗဟိုဌာန (CDE) မှ ဝန်ထမ်းများက ပုံမှန်လုပ်ဆောင်မြဲဖြစ်သည့် အိမ်အကူများ၏ အခြေအနေကို လိုက်လံမေးမြန်းသည့် ဖုန်းခေါ်ဆိုမှုအတွင်း နစ်နာသူက ဖန်း၏ နှိပ်စက်မှုများကို ပြောပြခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီး ဖန်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဖြစ်ပွားခဲ့ပြီး ၃ နှစ်နီးပါးကြာမှ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ဆိုသည့် အကြောင်းရင်းကိုမူ တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားခြင်း မရှိပေ။
စင်ကာပူနိုင်ငံတွင် အိမ်အကူတစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားပါက ပြစ်မှုကျူးလွန်သူအား ထောင်ဒဏ် ၆ နှစ်အထိဖြစ်စေ၊ ငွေဒဏ် စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
Ref : The Straits Times
