


၂၃.၆.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ကံကော်မြိုင်ကျေးရွာ၊ နယ်မြေ(၂)တွင်ဘုရားစင်မီးပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှု ယနေ့ ဇွန်လ ၂၃ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း၊ အုတ်ညှပ် နှစ်ထပ်အိမ်တွင် ဘုရားမီးပလပ်ခုံ အပူလွန်ကဲရာမှ အနီးရှိ ဝါးထရံသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“အိမ်အပေါ်ထပ်တော့ မီးလောင်သွားတယ်။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ ရေသယ်ယာဥ် တစ်စီး၊ သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းခဲ့သည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၇၇ နှစ်အရွယ် ဦးရွှေသိန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ပလနနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၇ ရက် နံနက် ၉ နာရီခွဲခန့်ကမြစ်ကြီးနားမြို့နယ်၊ အနောက်လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၁၄)တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
အလားတူ ဇွန်လ ၃ ရက် မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ နယ်မြေ (၁)တွင် Air-con Safeguard အပူလွန်ကဲရာမှ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့မှု ဖြစ်ပွားခဲ့သည်။
