နေမိုး
၂၁. ၆. ၂၀၂၆
နေအိမ်တွင်ရှိနေသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို PDF လေးဦးက ဒလန်တံဆိပ်ကပ်ကာ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်မှု ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၁၈ ရက် နံနက် ၂ နာရီတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ တံတားဖြူကျေးရွာနေ ဦးကျော်တင့်(၆၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးကျော်တင့်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
