နေမိုး
၂၁. ၆. ၂၀၂၆
ကြို့ပင်ကောက်မြို့နယ်တွင် PDF များက ရွှေဆိုင်ပိုင်ရှင်တစ်ဦးကို ပစ်သတ်ကာ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးချိုမြောက်ရပ်ကွက်နေ ဦးဝင်းလွင် (၅၇) နှစ်သည် ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ အဆိုပါ ရပ်ကွက်ရှိ ၎င်းပိုင် “မြမြင့်မိုရ်” ရွှေဆိုင်တွင်ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ရွှေဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးဝင်းလွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်ဟု NOM က ဖော်ပြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက် နံနက်ပိုင်းကလည်း ကြို့ပင်ကောက်မြို့၊ မြို့မဈေးအတွင်း ဖွင့်လှစ်ထားသည့် “နန်းဝတီ” ရွှေဆိုင်တွင် နန်းဝတီရွှေဆိုင်ပိုင်ရှင် ကိုလင်းလင်းထိုက်နှင့် မခင်သီရိလွင်တို့ ဇနီးမောင်နှံကို ပျူစောထီး၊ ရွှေဆိုင်၊ ပဲ၊ ရောင်းဝယ်ရေးလုပ်ငန်းရှင်ဟုဆိုကာ BTZM GBK PDF အဖွဲ့က လာရောက်သတ်ဖြတ်ရာ ကိုလင်းလင်းထိုက်ကို မတွေ့သဖြင့် မသတ်သွားဘဲ ဆိုင်တွင်ရှိနေသည့် မခင်သီရိလွင်ကို သီရိစံဟု အမည်လွဲတပ်ကာ ပထမဦးစွာ ရင်ဘတ်ကိုပစ်ပြီးနောက် နားထင်ကို သေနတ်ဖြင့်တေ့ကာ အသေ ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး ယခုဖြစ်စဥ်တွင်လည်း သတ်ဖြတ်ခံရသည့် ဦးဝင်းလွင်မှာ မည်သည့်ဘက်နှင့်မျှ ပတ်သက်မှုမရှိသော သာမန်လုပ်ငန်းရှင်တစ်ဦးသာဖြစ်သော်လည်း ဒလန်ဟု သမုတ်ကာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
“မြမြင့်မိုရ်” ရွှေဆိုင်ပိုင်ရှင်ကို သတ်ဖြတ်ပြီး ရွှေထည်များလုယက်သွားမှုဖြစ်စဥ်အပေါ် တာဝန်ရှိသူများက ပါဆုံးပစ္စည်းများကို စစ်ဆေးနေသလို ကျူးလွန်သူများ ဖော်ထုတ်ရန်လည်း စုံစမ်းနေကြောင်း သိရသည်။
