၁၉.၆.၂၀၂၆
Written by Nay Yaung Lin
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့အစီအစဉ်ကို ဇွန် ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၁၂ ခု မေးမြန်းခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိသည့် ကိုယ်စားလှယ် ၁၂၃ ဦးအနက် ၁၁၉ ဦး တက်ရောက်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခဲ့ကြသည်။
ဦးစွာ (က)လှည်းကူးမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်မျိုးနိုင်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး)အထိ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများအား B ပိုးစက်ရုံ (ကာကွယ်ဆေးစက်ရုံ)အထိ လမ်းကြောင်းတိုးချဲ့ပြေးဆွဲရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ (ခ) ထန်းတပင်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးတိုင်းရက ထန်းတပင်မြို့နယ်၊ မဲပလီအုပ်စု၊ တရုတ်စုကျေးရွာသည် ဘောလည်မြစ်ကမ်းနားဘေးတွင်ရှိပြီး မိုးရာသီကာလတွင် မြစ်ရေများတိုက်စား၍ မြစ်ကမ်းများပြိုကျခြင်းကြောင့် ကမ်းထိန်းနံရံ အရှည် (၂၅၀၀) ပေ၊ အကျယ် (၁၆) ပေ ဂဝံခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ (ဂ) ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်ဓါတ်အား အပြည့်အဝရရှိရေးနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ (ဃ) တောင်ဥက္ကလာပမြို့ နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကျော်မိုးက တောင်ဥက္ကလာပမြို့နယ် ဂေါက်ကွင်းရှေ့ ဂန္ဓမာလမ်း(ဝေဇယန္တာနှင့်သံသုမာလမ်းကြား)အတွင်းရှိ မီးတိုင် (၁၉)တိုင်မှာ မီးမလင်းခြင်း၊ အလင်းရောင် အားနည်းခြင်းနှင့် အပင်များဖြင့် ကွယ်နေခြင်းများကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း မေးမြန်းခဲ့သည်။
ဆက်လက်၍ (င) ရွှေပြည်သာမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ဝင်းထူးက ရွှေပြည်သာမြို့နယ် လှိုင်မြစ်ကမ်းအနီးတွင်ရှိသော အမှတ်(၂၃)ရပ်ကွက်နေ မိဘပြည်သူများသည် မြစ်ရေတိုက်စားမှုကြောင့် ရေကြီးရေလျှံမှုများရှိနေပါသဖြင့် ကမ်းပြိုကာကွယ်ရေး ကွန်ကရစ် မြေထိန်းနံရံ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ (စ) ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဒေါ်စန်းစန်းဝင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၉၄ ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်တွင် ရေလှောင်ကန်အသစ်များနှင့်ရေတွန်းစက်များ ထပ်မံတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ (ဆ) ကြည့်မြင်တိုင်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဒေါ်သင်းသင်းမိုးက ကြည့်မြင်တိုင်မြို့နယ် အနောက်ဘက်ခြမ်းရှိ အေးရွာ၊ ဘလုပ်ညွန့်၊ စက်ကလေးရပ်ကွက်၊ ဘလုပ်ညွန့် အပိုင်ထိပ်ရှိ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးရှိ အမှိုက်ပုံအား ရှင်းလင်းရန်နှင့် အမှိုက်သိမ်းယာဉ်များ အချိန်မှန်လာရောက် ရှင်းလင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း မေးမြန်းခဲ့သည်။
ယင်းနောက် (ဇ) အင်းစိန်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးသူရိန်လင်းက အင်းစိန်မြို့နယ်အတွင်း ပညာရေးမှူးရုံးနှင့် အခြေခံပညာကျောင်း(၄၁) ကျောင်းတို့ မြေပိုင်ဆိုင်မှုလျှောက်ထားခြင်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ (ဈ) မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးဝေယံပိုင်က ဗညားဒလလမ်းမကြီးပေါ်ရှိ ဈေးများဝန်းကျင်တွင် ကုန်တင်/ကုန်ချ ပြုလုပ်မည့်ယာဉ်များအတွက် သီးသန့်အချိန်ဇယား သတ်မှတ်ထုတ်ပြန်၍ ကြပ်မတ်အရေးယူရန်နှင့် နှစ်ထပ်ရပ်နားထားသော ယာဉ်များကို အရေးယူဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ (ည) အလုံမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဒေါ်ဇင်ဇင်မျိုးထွန်းက အလုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်မကျရောက်စေရေးအတွက် အဝီစိတွင်းများတူးဖော်ရန် မလိုအပ်ဘဲ ရေချိုလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် . ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း ဆက်လက်မေးမြန်းခဲ့ကြသည်။
ထို့ပြင် (ဋ) ရွှေပြည်သာမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်က ရွှေပြည်သာမြို့နယ်အတွင်း လိုအပ်လျက်ရှိသော လမ်းဖြတ် Box Culvert များကို အထူးစီမံချက်ချမှတ်၍ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း၊ (ဌ) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ဦးစိုးယုက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပေပေါင်း (၁၃၀၀၀)ရှိသော ကျန်စစ်သားလမ်းမကြီးအား (၂)လမ်းသွားမှ (၄)လမ်းအဖြစ် ခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကိုလည်းကောင်း မေးမြန်းခဲ့ကြောင်း သိရသည်။









