၁၉.၆.၂၀၂၆
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) က မင်ဒါနာအိုပြည်နယ်တွင် ဇွန်လ ၈ ရက်ကလှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူဦးရေသည် ဇွန်လ ၁၈ ရက်၊ နံနက် ၆ နာရီတွင် ၇၈ ဦးအထိ မြင့် တက်လာခဲ့ကြောင်းပြောကြားခဲ့သည်။
အာဏာပိုင်များ၏ သတင်းပို့ချက်များက ငလျင်လှုပ်ခတ်မှုကြောင့် ပျောက်ဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရရှိသူ မှာ ဇွန်လ ၁၈ ရက်ထိ စုစုပေါင်း ၁,၃၃၉ ဦး ရှိသေးကြောင်းလည်း ဖော်ပြခဲ့သည်။
ငလျင်က မိသားစုပေါင်း ၃၅၇,၀၀၀ သို့မဟုတ် လူဦးရေ ၁ ဒသမ ၅ သန်းခန့်ထိ သက်ရောက်မှုရှိခဲ့ပြီး အနည်းဆုံး မိသားစု ၅,၀၀၀ (လူဦးရေ ၂၁,၉၀၀) မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲဖြစ်ကာ လက်ရှိတွင် ကယ်ဆယ်ရေးစခန်း ၄၇ ခုတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးမှုကြောင့် စုစုပေါင်းဆုံးရှုံးမှုမှာ ပီဆို ၁ ဒသမ ၂၉ ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းရသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ပျက်စီးဆုံးရှုံးမှုမှာ ပီဆို ၂၉ ဒသမ ၈ သန်းအထိ ရောက်ရှိခဲ့ကြောင်းလည်း သိရသည်။
ဇွန်လ ၈ ရက် ငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ ဇွန်လ ၁၉ ရက် နံနက် ၅ နာရီအထိ နောက်ဆက်တွဲ ငလျင် ပေါင်း ၈,၃၈၁ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဆိုင်ရာအဖွဲ့က ပြောခဲ့သည်။ နောက်ဆက်တွဲငလျင်များက ပြင်းအား ရစ်ချတ်တာစကေး ၁ ဒသမ ၂ မှ ၆ ဒသမ ၄ အထိ ရှိကြောင်းသိရသည်။
Ref; inquirer.net



