၁၉.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center)တွင် ဆေးကုသမှုခံယူနေသော ခြင်ဆီကင်ဆာလူနာလေးဦးကို ခြင်ဆီအစားထိုးကုသမှုအောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) သို့ ၂၀၂၆ ခုနှစ် မေလက ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာလူနာများဖြစ်သည့် သာပေါင်းမြို့နယ်မှ ၃၈ နှစ် အရွယ် အမျိုးသမီး၊ လှိုင်မြို့နယ်မှ ၅၇ နှစ်အရွယ် အမျိုးသမီး၊ ကျောက်ဆည်မြို့ နယ်မှ ၄၇ နှစ်အရွယ် အမျိုးသားနှင့် ရွှေဘိုမြို့နယ်မှ ၅၃ နှစ်အရွယ် အမျိုးသား၊ စုစုပေါင်း ခြင်ဆီကင်ဆာလူနာလေးဦးကို ခြင်ဆီအစားထိုးကုသခဲ့ကြောင်း သိရသည်။
ယင်းနောက် ခြင်ဆီကင်ဆာလူနာ လေးဦးကို အောင်မြင်စွာကုသမှုဆောင်ရွက်ခဲ့ပြီး လူနာများအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ဇွန် ၁၂ ရက် တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံ အုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက် အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုး ကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ် တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ် တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ် တွင်သုံးဦး၊ ၂၀၂၅ ခုနှစ်တွင် ၁၀ ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်ထိ ရှစ်ဦး စုစုပေါင်း ၃၃ ဦးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများကျန်းမာရေးအတွက် ကုန်ကျစရိတ်သက်သာစေရေး ပြည်တွင်းတွင် ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
