၁၉.၆.၂၀၂၆
translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နှင့် အီရန်သမ္မတ မာဆော့ ပီဇက်ရှ်ကီရန်တို့က အီရန်စစ်ပွဲကို အဆုံးသတ်ရန် နောက်ဆုံးသဘောတူညီချက်အတွက် ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးမှုများ စတင်သည့် ကနဦးနားလည်မှုစာချွန်လွှာကို အီလက်ထရွန်းနစ်နည်းဖြင့် ဇွန်လ ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အီရန်၏ အထွတ်အထိပ်ခေါင်းဆောင် မော့ဂျ်တာဘာ ခါမေနီက ကနဦးနားလည်မှုစာချွန်လွှာအပေါ် ၎င်းအနေနှင့် ကွဲပြားသောအမြင် ရှိနေသော်လည်း လက်မှတ်ရေးထိုးရန် ခွင့်ပြုခဲ့ကြောင်း ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့သည်။
နားလည်မှုစာချွန်လွှာအတွင်း ပဋိပက္ခနှင့် ပိတ်ဆို့မှုများကို လွှမ်းခြုံထားသည့် အချက် ၁၄ ချက် ပါဝင်သည်။ အချက်များတွင် အီရန်စစ်ပွဲကို အဆုံးသတ်ရန်၊ ဟောမုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်နှင့် အီရန်၏ နျူကလီးယားသိုလှောင်မှုကို လျှော့ချရန် တောင်းဆိုထားသည်။
သို့ရာတွင် နားလည်မှုစာချွန်လွှာက ၎င်း၏ ပဲ့ထိန်းဒုံးကျည်လက်နက်ထုတ်လုပ်မှုအပေါ် လွှမ်းခြုံထားမှုမရှိကြောင်း အီရန်က ပြောကြားခဲ့သည်။ အဓိက ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ခဲ့သော ပါကစ္စတန်ဝန်ကြီးချုပ်က နားလည်မှုစာချွန်လွှာသည် ချက်ချင်းအကျိုးသက်ရောက်မှု ဖြင့် အသက်ဝင်လာကြောင်း ပြောကြားခဲ့သည်။
ထရမ့်ပ်က နားလည်မှုစာချွန်လွှာကို ဝေဖန်သူများသည် ‘မိုက်မဲသူများ’၊ ‘မနာလိုသူများ’ သို့မဟုတ် ‘မကောင်းသူများ’ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က လက်ဘနွန်ရှိ အစ္စရေး၏ စစ်ဆင်ရေးများကိုလည်း ဝေဖန်ခဲ့ပြီး ၎င်းတို့သည် တစ်ခါတစ်ရံတွင် ညှိနှိုင်းမှုများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
Ref;CNN
