သတိုး
၁၉. ၆. ၂၀၂၆
Leapmortor အနေဖြင့် မြန်မာနိုင်ငံတွင် တစ်ရက်လျှင် ရှစ်စီးထုတ်လုပ်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အတွင်း Leapmotor စက်ရုံသို့ ဇွန်လ ၁၉ ရက်က သွားရောက်လေ့လာစဉ် တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောကြားသည်။
ထို့အပြင် SKD (Semi-Knocked Down) စနစ်ဖြင့် တစ်ရက် ရှစ်စီးထုတ်လုပ်မှုမှသည် တစ်နှစ်အစီးရေ ၁၅၀၀၀ အထိ ထုတ်လုပ်နိုင်ပါက CKD (Completely Knocked Down) စနစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။
“ကျွန်တော်တို့က SKD စနစ်နဲ့ တစ်ရက်ကို ရှစ်စီးထုတ်လုပ်နေပါတယ်။ တစ်နှစ်ကို အစီးရေ ၁၅၀၀၀ အထိ ထုတ်လုပ်နိုင်ပြီဆိုရင် CKD စနစ်နဲ့ အလုံးစုံထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ SKD စနစ်မှာက ပစ္စည်းတစ်ခုလိုနေရင် ဆက်သွားလို့မရတာမျိုးရှိတယ်။ CKD စနစ်ဆို ပိုပြီး မြန်မြန်ဆန်ဆန်ထုတ်လုပ်နိုင်လို့ အခုကတည်းက တစ်ခုချင်းစီ ကြိုတင်ပြင်ဆင်နေပါတယ်” ဟု Leapmotor မှ တာဝန်ရှိသူတစ်ဦးက MT News ကိုပြောသည်။
Leapmotor (Zhejiang Leapmotor Technology Co., Ltd.) သည် ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် တရုတ်နိုင်ငံအခြေစိုက် လျှပ်စစ်ကား (EV) ထုတ်လုပ်သည့် ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး EV ထုတ်လုပ်ရာတွင် လိုအပ်သည့် Intelligent Driving စနစ်၊ မော်တာနှင့် အီလက်ထရွန်နစ် အစိတ်အပိုင်းများကို ကိုယ်ပိုင်နည်းပညာဖြင့် (In-house) သုတေသနပြု ထုတ်လုပ်နိုင်စွမ်းရှိသော ကုမ္ပဏီဖြစ်သည်။
ကမ္ဘာ့မော်တော်ကားလုပ်ငန်းစုကြီးဖြစ်သော Stellantis (Jeep, Peugeot, Fiat တို့၏ မိခင်ကုမ္ပဏီ) က Leapmotor ၏ ရှယ်ယာအများအပြားကို ဝယ်ယူထားပြီး နိုင်ငံတကာ စျေးကွက်သို့ Leapmotor International အနေဖြင့် ပူးပေါင်းဖြန့်ချိနေပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေကာ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ကားအစီးရေ ၁၄၄,၁၅၅ စီး ကျော် လွှဲပြောင်းပေးနိုင်ခဲ့သည်။ ထို့အတူ နှစ်စဉ် အရောင်းပမာဏသည် တစ်နှစ်ထက်တစ်နှစ် သိသိသာသာ မြင့်တက်လာပြီး ကမ္ဘာ့စျေးကွက် (ဥရောပ၊ အာရှပစိဖိတ်) သို့ အကြီးအကျယ် တိုးချဲ့လာရာ လက်ရှိတွင် တစ်နှစ်လျှင် ကားအစီးရေ ၂ သိန်းမှ ၃ သိန်းဝန်းကျင် အထိ ထုတ်လုပ်ရောင်းချနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကာ T03, C10, C11, C16 မော်ဒယ်များမှာ အဓိက အရောင်းရဆုံး ဖြစ်ကြောင်း သိရသည်။






