သတိုး
၁၉. ၆. ၂၀၂၆
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကျဲ့ကျန်းပြည်နယ်ရှိ တရုတ်နိုင်ငံ၏ ထိပ်တန်း EV ယာဥ် ထုတ်လုပ်မှုစက်ရုံ Leapmtor သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
Leapmortor စက်ရုံသို့ရောက်ရှိစဥ် တရုတ်စက်ရုံဘက်ခြမ်းတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ကိုယ်စားလှယ်တို့က ပြည်တွင်းပြည်ပထုတ်လုပ်မှုများနှင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်တပ်ဆင်နေမှုများ၊ Leapmotor ၏ စျေးကွက်မျှော်မှန်းချက်နှင့် အနာဂတ်အလားအလာများ ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတကြီးက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
Leapmotor (Zhejiang Leapmotor Technology Co., Ltd.) သည် ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် တရုတ်နိုင်ငံအခြေစိုက် လျှပ်စစ်ကား (EV) ထုတ်လုပ်သည့် ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး EV ထုတ်လုပ်ရာတွင် လိုအပ်သည့် Intelligent Driving စနစ်၊ မော်တာနှင့် အီလက်ထရွန်နစ် အစိတ်အပိုင်းများကို ကိုယ်ပိုင်နည်းပညာဖြင့် (In-house) သုတေသနပြု ထုတ်လုပ်နိုင်စွမ်းရှိသော ကုမ္ပဏီဖြစ်သည်။
ကမ္ဘာ့မော်တော်ကားလုပ်ငန်းစုကြီးဖြစ်သော Stellantis (Jeep, Peugeot, Fiat တို့၏ မိခင်ကုမ္ပဏီ) က Leapmotor ၏ ရှယ်ယာအများအပြားကို ဝယ်ယူထားပြီး နိုင်ငံတကာ စျေးကွက်သို့ Leapmotor International အနေဖြင့် ပူးပေါင်းဖြန့်ချိနေပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေကာ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း ကားအစီးရေ ၁၄၄,၁၅၅ စီး ကျော် လွှဲပြောင်းပေးနိုင်ခဲ့သည်။ ထို့အတူ နှစ်စဉ် အရောင်းပမာဏသည် တစ်နှစ်ထက်တစ်နှစ် သိသိသာသာ မြင့်တက်လာပြီး ကမ္ဘာ့စျေးကွက် (ဥရောပ၊ အာရှပစိဖိတ်) သို့ အကြီးအကျယ် တိုးချဲ့လာရာ လက်ရှိတွင် တစ်နှစ်လျှင် ကားအစီးရေ ၂ သိန်းမှ ၃ သိန်းဝန်းကျင် အထိ ထုတ်လုပ်ရောင်းချနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကာ T03, C10, C11, C16 မော်ဒယ်များမှာ အဓိက အရောင်းရဆုံးဖြစ်ကြောင်း သိရသည်။











