သတိုး
၁၉. ၆. ၂၀၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ Phoenix သတင်းဌာန၏ သိရှိလိုသည့်အကြောင်းအရာများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများကို ယနေ့နံနက်ပိုင်းတွင် လက်ခံဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ပြည့်စုံစွာဖြေကြားခဲ့သည်။
ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှ သိရှိလိုသည့် အကြောင်းအရာများကို ပြည့်စုံစွာဖြေကြားခဲ့သည်။
ယင်းအပြင် Myanmar Narrative Think Tank အဖွဲ့နှင့် ပြည်တွင်းမီဒီယာအချို့၏ မေးမြန်းမှုများလည်း ဆက်လက် ဖြေကြားပေးခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၇ ရက်နံနက်အထိ ပေကျင်းမြို့တွင် ရှိနေစဥ် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ ၁၇ ရက်ညနေပိုင်းတွင် ရှန်ဟိုင်းမြို့သို့ရောက်ရှိလာပြီးနောက် နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့တော်ဝန် ကုံးကျန့်၏ ဂါရဝပြုတွေ့ဆုံမှုခံယူကာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ တွေ့ဆုံဆွေးနွေးခဲ့သလို ဟွမ်းဖုမြစ်ကို သွားရောက်လေ့လာမှုများပြုခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်မူ ရှန်ဟိုင်းမြို့ရှိ Radisson ဟိုတယ်၌ တရုတ် – မြန်မာစီးပွားရေးပြပွဲတက်ရောက်ဖွင့်လှစ်ပေးခြင်း၊ Myanmar-China Investment and Trade Networking Summit (MCITP-2026) တက်ရောက်ကာ တရုတ်လုပ်ငန်းရှင်များ သိလိုသည်ကို ဖြေကြားပေးခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းပေးခြင်း၊ တရုတ်ကုမ္ပဏီကြီးများနှင့် သီးခြား တွေ့ဆုံခြင်း၊ လင်းကန်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ လေ့လာခြင်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် ဟန်ကျိုးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ဟန်ကျိုးမြို့သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတကြီးအား ဟန်ကျိုး ဒုတိယမြို့တော်ဝန်၊ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံအမတ်ကြီးတို့က ကြိုဆိုခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့တွင်လည်း လာရောက်ဂါရဝပြုသည့် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးကို တွေ့ဆုံခဲ့သလို ယနေ့တွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခြင်း၊ စီးပွားရေးညီလာခံများတက်ရောက်ခြင်း၊ ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာရေးခရီးစဥ်များသွားရောက်ခြင်းတို့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
