သတိုး
၁၉. ၆. ၂၀၂၆
ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းထားတဲ့ မြန်မာ့လက်ဖက်စို စားသုံးခြင်းဓလေ့ကို ဒီနေ့ နေ့လယ်ပိုင်းအချိန်က Myanmar-China Investment and Trade Networking Summit (MCITP-2026) အခမ်းအနားမှာ နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်နဲ့ နေ့လယ်စာစားသုံးခွင့်ရတဲ့ တရုတ်ထိပ်တန်းလုပ်ငန်းရှင်တွေကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် ဦးဆောင်ပြီး မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့လက်ဖက်စို စားသုံးခြင်းဓလေ့ကို UNESCO ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage – ICH) စာရင်းဝင်ဖြစ်စေဖို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အချက်အလက်တွေနဲ့ ဗီဒီယိုမှတ်တမ်းတွေ ပြုစုပြီး ၂၀၂၆ ခုနှစ်၊ မတ်လကုန်ပိုင်းမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ UNESCO ဌာနချုပ်ထံ တရားဝင် ပေးပို့လျှောက်ထားခဲ့ပြီး ဖြစ်ပါတယ်။
ကမ္ဘာမှာ လက်ဖက်ကို ရေနွေးကြမ်းအဖြစ် သောက်သုံးမှုသာ အများဆုံးရှိပေမယ့်လည်း မြန်မာနိုင်ငံမှာက သီးခြား ထူးခြားနေတဲ့ “မြန်မာ့လက်ဖက်စို (သို့မဟုတ်) လက်ဖက်သုပ် စားသုံးသည့် ယဉ်ကျေးမှုဓလေ့” ခေါင်းစဉ်နဲ တင်သွင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။
UNESCO ရဲ့ စည်းမျဉ်းအရ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အတွက် တစ်နှစ်တစ်မျိုးသာ တင်သွင်းခွင့်ရှိလို့ မြန်မာနိုင်ငံအနေနဲ့ များပြားလှတဲ့ မြန်မာ့ရိုးရာ ယဥ်ကျေးမှုအစဥ်အလာတွေကို နှစ်စဥ် အစီအစဥ်တကျတင်သွင်းနေတာမှာ ၂၀၂၄ ခုနှစ်က မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဟာ UNESCO ရဲ့ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင် အတည်ပြုခြင်း ခံခဲ့ရပါတယ်။
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုကို တင်သွင်းထားပြီး အခု ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှာ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်မှု အဆုံးအဖြတ် ထွက်ပေါ်လာမည်ဖြစ်သလို ဒီနှစ်အတွက်ကတော့ မြန်မာ့လက်ဖက်စို ယဉ်ကျေးမှုဓလေ့ကို တရားဝင် တင်သွင်းလိုက်တာဖြစ်ပြီး လက်ဖက်ယဥ်ကျေးမှုကို အရောင်းမြှင့်တင်နေတဲ့ မြန်မာလုပ်ငန်းရှင်တွေကိုလည်း နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်က လက်ဖက်သုပ်စားသုံးတဲ့ မြန်မာ့ရိုးရာဓလေ့ရဲ့ အဓိကထူးခြားချက်က လက်ဖက်အရသာဖြစ်ပြီး ဒီအရသာကိုပဲ ပေါ်လွင်အောင် လုပ်ဆောင်ဖို့နဲ့ လက်ဖက်နဲ့အတူ ရေနွေးကြမ်းပါ တည်ခင်းဖို့လည်း ဒေါ်စန္ဒာခင်နဲ့အတူ တရုတ် – မြန်မာစီးပွားရေးပြပွဲမှာ လာရောက်ပြသတဲ့ လုပ်ငန်းရှင်တွေကို တိုက်တွန်းမှာကြားခဲ့ပါတယ်။
