၁၈.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်သို့ DEMU အထူးအမြန်ရထား မကြာမီ ပြေးဆွဲမည်ဖြစ်ရာ ရထားလမ်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်များ၊ အဆောက်အဦများကို အချိန်မီဖယ်ရှားခြင်း၊ တရားမဝင် မီးရထားလမ်းကူးများ ပိတ်သိမ်းခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မီးရထားလမ်း (သာယာဝတီ-ပြည်) လမ်းပိုင်း ဘက်စုံအဆင့်မြှင့်တင်နိုင်ရေးနှင့် အထူးအမြန်ရထားပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် ၁၇ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “မကြာမီအချိန်အတွင်း ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်သို့ DEMU အထူးအမြန်ရထား ပြေးဆွဲမည်ဖြစ်ရာ DEMU အထူးအမြန်ရထား မပြေးဆွဲမီကာလအတွင်း ရထားလမ်းတစ်လျောက် မလွတ်ကင်းသည့် သစ်ပင်များနှင့် အဆောက်အဦများကို အချိန်မီဖယ်ရှားရှင်းလင်းသွားရမှာဖြစ်ကြောင်း၊ တရားမဝင် မီးရထားလမ်းကူးများ ပိတ်သိမ်းသွားရန်နှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် မဖြစ်မနေအသုံးပြုရမည့် ရထားလမ်းကူး နေရာများအား ရပ်ကွက်/ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်နှင့် ဂိတ်တံခါးများအား စနစ်တကျထားရှိရမှာဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် DEMU အထူးအမြန်ရထားရပ်နားမည့် ဘူတာစဉ်များအလိုက် သန့်ရှင်းသပ်ရပ်စေရေးနှင့် အဆင့်မီ Mobile Shop များထားရှိသွားရန်နှင့် မီးရထားလမ်းဖြတ်သန်းရာ ရပ်ကွက်/ ကျေးရွာများအလိုက် မြန်မာ့မီးရထားဆိုင်ရာဥပဒေတို့အား သိရှိနားလည် လိုက်နာစေရေးနှင့် ဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ့မီးရထားတိုင်း(၆) အထွေထွေမန်နေဂျာက ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်သို့ DEMU အထူးအမြန်ရထား ပြေးဆွဲမည့်အစီအစဉ်များ၊ တရားမဝင် ရထားလမ်းကူးများတည်ရှိနေမှု၊ မီးရထားလမ်းများ အဆင့်မြှင့်တင်နေမှုနှင့် ဘူတာစဉ်အလိုက် ရထားရပ်နားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက DEMU အထူးအမြန်ရထား ဖြတ်သန်းသွားမည့် မြို့/ရွာများတွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အစုန်/အဆန်သွားလာနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပဲခူးတိုင်းဒေသကြီးအတွင်း DEMU အထူးအမြန်ရထား ပြေးဆွဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက တင်ပြချက်များနှင့် ပတ်သက်၍ သုံးသပ်အကြံပြုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
