သတိုး
၁၈. ၆. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ အထူးအမြန်ရထားဖြင့် ယနေ့ မွန်းလွဲပိုင်းအချိန် လိုက်ပါစီးနင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၇ ရက်နံနက်အထိ ပေကျင်းမြို့တွင် ရှိနေစဥ် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ ၁၇ ရက်ညနေပိုင်းတွင် ရှန်ဟိုင်းမြို့သို့ရောက်ရှိလာပြီးနောက် နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့တော်ဝန် ကုံးကျန့်၏ ဂါရဝပြုတွေ့ဆုံမှုခံယူကာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ တွေ့ဆုံဆွေးနွေးခဲ့သလို ဟွမ်းဖုမြစ်ကို သွားရောက်လေ့လာမှုများပြုခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်မူ ရှန်ဟိုင်းမြို့ရှိ Radisson ဟိုတယ်၌ တရုတ် – မြန်မာစီးပွားရေးပြပွဲတက်ရောက်ဖွင့်လှစ်ပေးခြင်း၊ Myanmar-China Investment and Trade Networking Summit (MCITP-2026) တက်ရောက်ကာ တရုတ်လုပ်ငန်းရှင်များ သိလိုသည်ကို ဖြေကြားပေးခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းပေးခြင်း၊ တရုတ်ကုမ္ပဏီကြီးများနှင့် သီးခြားတွေ့ဆုံခြင်း၊ လင်းကန်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ လေ့လာခြင်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဟန်ကျိုးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်တစ်ခု သွားရောက်ခဲ့သော်လည်း ယခုတရုတ်ခရီးစဥ်ကသာ ပထမဆုံး နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် (State Visit) ဖြစ်ကြောင်းနှင့် တရုတ်သမ္မတအပါအဝင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ စီးပွားရေး၊ လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန်နှင့် အကူအညီပေးရေးစာချုပ်များစွာ ချုပ်ဆိုနိုင်ခဲ့သဖြင့် အောင်မြင်သော ခရီးစဥ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ ထွက်ခွာလာသော နိုင်ငံတော်သမ္မတအား မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှ အစိုးရ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံအမတ်ကြီးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့သလို တရုတ်နိုင်ငံအတွင်း နိုင်ငံတော်သမ္မတကြီး၏ ဆောင်ရွက်ချက် မှတ်တမ်းပုံများကိုလည်း လက်ဆောင်ပေးအပ်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟန်ကျိုးမြို့တွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခြင်း၊ စီးပွားရေးညီလာခံများတက်ရောက်ခြင်း၊ ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာရေးခရီးစဥ်များသွားရောက်ခြင်းတို့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။



