သတိုး
၁၈. ၆. ၂၀၂၆
တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အခြာကျသော ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးစီးပွားရေးဇုန်သို့ ယနေ့ မွန်းလွဲပိုင်းအချိန် သွားရောက်လေ့လာခဲ့ပြီး အထူးစီးပွားရေးဇုန်တစ်ခု၏ လုပ်ငန်းဆောင်တာများနှင့် မြန်မာနိုင်ငံနှင့် စပ်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများကို စူးစမ်းလေ့လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာကျသော ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးစီးပွားရေးဇုန် (Lin-gang Special Area) သည် လက်ရှိတွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ဗဟိုချက်အဖြစ် အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးတက်နေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ အဓိကအာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာနေပြီး လင်းကန်အထူးစီးပွားရေးဇုန်တာဝန်ရှိသူများက နိုင်ငံတော်သမ္မတသိရှိလိုသည်များကို လေးစားစွာဖြေကြားခဲ့သလို ပြခန်းအတွင်းနှင့် ပတ်ဝန်းကျင်ရှိ မြှုပ်နှံမှုများကိုလည်း ပြသခဲ့သည်။
ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှုဇုန်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် လင်းကန်ဇုန်သည် ရှန်ဟိုင်းမြို့၏ အရှေ့တောင်ဘက်စွန်းတွင် တည်ရှိပြီး ကမ္ဘာ့အလုပ်အများဆုံး ကွန်တိန်နာဆိပ်ကမ်းတစ်ခုဖြစ်သည့် ယန်ရှန်း ရေနက်ဆိပ်ကမ်း (Yangshan Deep-Water Port) နှင့် ပူဒေါင်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့အကြားတွင် မဟာဗျူဟာကျကျ တည်ရှိသည်။ ဤတည်နေရာပြချက်ကြောင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကမ္ဘာ့အဆင့်မီ ထောက်ပံ့ပို့ဆောင်ရေး (Logistics) စနစ်ကို ပိုင်ဆိုင်ထားသည်။
လင်းကန်အထူးစီးပွားရေးဇုန်သည် ရိုးရိုးကုန်ထုတ်လုပ်မှုထက် အနာဂတ်ဦးဆောင်မည့် အဆင့်မြင့်နည်းပညာကဏ္ဍများကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေပြီး ကမ္ဘာကျော် Tesla ၏ Gigafactory တည်ရှိရာနေရာလည်း ဖြစ်သည်။ အဆိုပါစက်ရုံမှ တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ ၇ သိန်းခွဲမှ ၉ သိန်းအကြား ထုတ်လုပ်နိုင်ကာ အခြားသော EV ယာဉ်များနှင့် နောက်ဆုံးပေါ် စွမ်းအင်သိုလှောင်မှု မဂ္ဂါပတ်ခ် (Megapack) ဘက်ထရီများကိုပါ ထုတ်လုပ်နေသည်။
ထို့အပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductors)၊ ဉာဏ်ရည်တု (AI)၊ ဇီဝဆေးဝါးလုပ်ငန်း (Biomedicine)၊ အရပ်ဘက်လေကြောင်းပျံသန်းရေးနည်းပညာများ၊ ဒရုန်းများ၊ ချစ်ပ်ပြားများ၊ အာကာသလေကြောင်းနှင့် ဂြိုဟ်တုနည်းပညာများ၊ ဟိုက်ဒရိုဂျင်စွမ်းအင်နှင့် ကာဗွန်လျှော့ချရေးဆိုင်ရာ နည်းပညာသစ်များစွာကိုပါ ထုတ်လုပ်လျက်ရှိသည်။
လက်ရှိတွင် လင်းကန်ဇုန်အတွင်း သဘောတူလက်မှတ်ရေးထိုးထားသည့် အဓိကရှေ့ပြေးနည်းပညာဆိုင်ရာ စီမံကိန်းကြီးပေါင်း ၆၈၀ ကျော်ရှိနေကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယွမ် ၇၃၀ ဘီလျံကျော် (ဒေါ်လာ ၁၀၁ ဘီလျံခန့်) အထိ ရှိလာခဲ့သလို လက်ရှိ စက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးမှာလည်း ဒေါ်လာ ဘီလျံ ၄၀ ကျော် ရှိနေသည်။
နိုင်ငံတကာကုမ္ပဏီများနှင့် ထိပ်တန်းပညာရှင်များကို ဆွဲဆောင်ရန်အတွက် တရုတ်အစိုးရသည် လင်းကန်ဇုန်ကို အထူးအခွင့်အရေးများစွာ ပေးအပ်ထားသည်။ ထိုအထဲတွင် သတ်မှတ်ထားသော အဆင့်မြင့်နည်းပညာကုမ္ပဏီများအတွက် ကော်ပိုရိတ်ဝင်ငွေခွန်ကို ၁၅ ရာခိုင်နှုန်းသာ ကောက်ခံခြင်း၊ ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရန် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အထူးဖြေလျှော့ပေးထားခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ လွယ်ကူစွာ လာရောက်နေထိုင် အလုပ်လုပ်ကိုင်နိုင်ရန် နေထိုင်ခွင့်ဗီဇာ (Green Card) နှင့် အိမ်ရာပံ့ပိုးမှု မူဝါဒများကို ဖြေလျှော့ပေးထားခြင်းများ ပါဝင်သည်။
စတင်တည်ထောင်သည့် ၂၀၁၉ ခုနှစ်မှစ၍ ၇ နှစ်နီးပါးကာလအတွင်း လင်းကန်အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံ၏ ကမ္ဘာ့စီးပွားရေးနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဖွင့်လှစ်ထားသည့် “တံခါးပေါက်” တစ်ခု ဖြစ်လာခဲ့သည်။ လာမည့်နှစ်များအတွင်း ကမ္ဘာ့အဆင့်မီ စမတ်စီးတီး (Smart City) တစ်ခုအဖြစ် ပိုမိုပုံဖော်သွားမည်ဖြစ်ပြီး နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် ကမ္ဘာ့အဆင့်ဩဇာညောင်းသည့် ဇုန်တစ်ခုဖြစ်လာရန် ရည်မှန်းချက်ကြီးကြီးမားမားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံ၏ အထူးမဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခု ဖြစ်သည်။








