၁၈.၆.၂၀၂၆.
Translated by Htwe Ko Tun
ရက်ပေါင်း ၁၀၀ ကျော် ကြာလာပြီဖြစ်သော အီရန်စစ်ပွဲပြီးဆုံးရေးကို ရည်ရွယ်၍ အမေရိကန်နှင့် အီရန်အကြား လက်မှတ်ထိုးမည့် နားလည်မှုစာချွန်လွှာတွင် အောက်ပါအချက် ၁၄ ချက် ပါဝင်ကြောင်း တွေ့ရှိရသည်။
၁။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံနှင့် လက်ရှိစစ်ပွဲတွင်ပါဝင်နေသော ၎င်းတို့၏မဟာမိတ်များသည် လက်ဘနွန်နိုင်ငံအပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းနှင့်အပြီး တိုင်ရပ်စဲကြောင်းကြေညာရန်နှင့် ယခုမှစ၍ အချင်းချင်းအပေါ် မည်သည့်စစ်ပွဲ သို့မဟုတ် မည်သည့် စစ်ရေးလှုပ်ရှားမှုကိုမျှ မစတင်ရန်၊
၂။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရန်နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံ ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန်၊
၃။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် အပြန်အလှန်သဘောတူညီချက်ဖြင့် သက်တမ်းတိုးနိုင်သည့် အများဆုံး ၆၀ ရက်အတွင်း ဆွေးနွေးညှိနှိုင်းပြီး နောက်ဆုံးသဘောတူညီချက်ရရှိရန်၊
၄။ ဤနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးသည်နှင့် အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် ၎င်း၏ရေတပ်ပိတ်ဆို့မှုနှင့် အခြားမည်သည့်နှောင့်ယှက်မှု သို့မဟုတ် အဟန့်အတားများကိုမဆို ဖယ်ရှားပေးမည်ဖြစ်ပြီး ရေတပ်ပိတ်ဆို့မှုကို ရက် ၃၀ အတွင်း လုံးဝအဆုံးသတ်နှင့် နောက်ဆုံးသဘောတူညီချက်အပြီး ရက် ၃၀ အတွင်း အီရန်နိုင်ငံနှင့် နီးကပ်သောနေရာမှ ၎င်း၏ တပ်ဖွဲ့များကို ဖယ်ရှားရန် ထပ်မံကတိပြုပါသည်။
၅။ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးနောက် အီရန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့မှ အိုမန်ပင်လယ်အထိ ရက်ပေါင်း ၆၀ သာ အခကြေးငွေမယူဘဲ စီးပွားဖြစ်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ရန်၊
၆။ အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ ဖြင့် ပြတ်ပြတ်သားသား သဘောတူထားသည့် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ဒေသတွင်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
၇။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပါအဝင် အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အမျိုးအစားအားလုံးကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းရန်၊
၈။ အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ဝယ်ယူခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းမပြုရန်၊
၉။ နောက်ဆုံးသဘောတူညီချက်မရရှိမီ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် လက်ရှိအခြေ အနေကို ထိန်းသိမ်းရန်၊
၁၀။ အမေရိကန်ပြည်ထောင်စုသည် ဤနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးသည်မှ ပိတ်ဆို့ အရေးယူမှုများ ရပ်စဲပြီးသည့်တိုင်အောင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းနှင့် ဆင်းသက်လာသောပစ္စည်းများ တင်ပို့မှုနှင့် ဘဏ်လုပ်ငန်း၊ အာမခံ၊ သယ်ယူပို့ဆောင်ရေးစသည်ဖြင့် ဆက်စပ်ဝန်ဆောင်မှုများအားလုံးကို ဖြေလျှော့ပေးရန်။
၁၁။ ဤနားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်သည့်အခါ အီရန်နိုင်ငံပိုင် ထိန်းချုပ်ထားသော သို့မဟုတ် ကန့်သတ်ထားသော ရန်ပုံငွေများနှင့် ပိုင်ဆိုင်မှုများကို အပြည့်အဝအသုံးပြုနိုင်စေရေး အမေရိကန်ပြည်ထောင်စုက ခွင့်ပြုရန်၊
၁၂။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့သည် ဤနားလည်မှုစာချွန်လွှာ အောင်မြင်စွာအကောင် အထည်ဖော်မှုနှင့် နောက်ဆုံးသဘောတူညီချက်၏ အနာဂတ်လိုက်နာမှုကို စောင့်ကြည့်ရန်အတွက် အုပ်ချုပ်ရေးယန္တရားတစ်ခု တည်ထောင်ရန်၊
၁၃။ ဤနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးနောက်၊ ဤနားလည်မှုစာချွန်လွှာ၏ စာပိုဒ် ၁၊ ၄၊ ၅၊ ၁၀ နှင့် ၁၁ တို့ကို အကောင်အထည်ဖော်မှုစတင်ပြီးနောက်၊ ဤအစီအမံများကို ဆက်လက် အကောင်အထည်ဖော်မှုအပေါ် မူတည်၍ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် အခြားစာပိုဒ်များတွင်သာ နောက်ဆုံးသဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ စတင်ရန်။
၁၄။ နောက်ဆုံးသဘောတူညီချက်ကို စည်းနှောင်မှုဖြင့် လိုက်ပါဆောင်ရွက်စေမည့် ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုရန်တို့ ဖြစ်ကြပါသည်။
Ref; CNN
