၁၈.၆.၂၀၂၆
Written by Linn Eain
တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားယူပါက ငွေကျပ်သိန်း ၁၅၀ ရမည်၊ တစ်နှစ်နေပြီး ကလေးတစ်ဦးမွေးပြီးလျှင် ပြန်ခေါ်ပေးမည်ဟု ပြောဆိုပြီး တရုတ်ဇနီးမယားအဖြစ်ရောင်းစားသူများကို အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့မှု ကျူးလွန်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို မရမ်းကုန်းခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် ဇွန် ၁၆ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်နေ မ——–၊(၂၀) နှစ်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဟိန်းလင်းထက်၊ (၂၅) နှစ်နှင့် အိသန္တာဖြိုး (၂၅) နှစ်တို့က တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားယူပါက ငွေကျပ်သိန်း ၁၅၀ ရမည်၊ တစ်နှစ်နေပြီး ကလေးတစ်ဦးမွေးပြီးပါက ပြန်ခေါ်ပေးမည်ဟုပြောဆိုပြီး အိသန္တာဖြိုးက အဆိုပါအမျိုးသမီးငယ်ကို ရန်ကုန်မြို့မှ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ မလုတောင်ထံ ပို့ပေးခဲ့ပြီး အမျိုးသမီးငယ်အား မလုတောင်က တရုတ်အမျိုးသား အာဖိန်နှင့် ချိတ်ဆက်ပေးခဲ့ကာ အာဖိန်က သဘောကျသဖြင့် တည်းခိုခန်းတစ်ခုတွင် လင်မယားအဖြစ် ပေါင်းသင်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မလုတောင်က အမျိုးသမီးငယ်အား ငွေကျပ်သိန်း ၇၀ ပေးခဲ့ပြီး အိသန္တာဖြိုးအား ပွဲစားခအဖြစ် ငွေကျပ် ၁၀ သိန်းအပြင် ချေးငွေကျပ်သိန်း ၂၀ အား ချေးပေးခဲ့ကြောင်း၊ ကျန်ငွေ ကျပ်သိန်း ၄၀ အား ဟိန်းလင်းထက်ထံ လွှဲပေးခဲ့ကြောင်း၊ အာဖိန်နှင့်အတူနေထိုင်စဉ် ကုန်ကျစရိတ်အဖြစ် အာဖိန်က မလုတောင်အား ယွမ် ၁၅၀,၀၀၀ ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အမျိုးသမီးငယ်သည် အာဖိန်နှင့်အတူ တရုတ်နိုင်ငံသို့ လိုက်ပါရန်အတွက် နိုင်ငံကူးလက်မှတ်၊ လက်ထပ်စာချုပ်နှင့် ဗီဇာများပြုလုပ်ရန်အတွက် ရွှေလီ-မူဆယ်-မန္တလေး-ရန်ကုန်သို့ အဆင့်ဆင့်သွားရောက်ခဲ့ပြီး မလုတောင်စီစဉ်ပေးသည့် SWEET ဟိုတယ်တွင် တည်းခိုစဉ် မလုတောင်က တရုတ်နိုင်ငံလေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။
ထို့နောက် အမျိုးသမီးငယ်၊ အာဖိန်နှင့် မလုတောင်တို့သည် Clover Suites Royal Lake Hotel တွင် ပြောင်းရွှေ့တည်းခိုနေထိုင်စဉ် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာ အမျိုးသမီးငယ်အား အာဖိန်၊ မလုတောင်၊ အိသန္တာဖြိုး၊ ဟိန်းလင်းထက်တို့က တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိသောငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ဉ်ကို အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ပြီး မရမ်းကုန်းမြို့မရဲစခန်းတွင် (ပ) ၆၆/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇွန် ၁၆ ရက်တွင် မရမ်းကုန်းခရိုင် တရားရုံးမှ တရားခံ ဟိန်းလင်းထက်၊ အိသန္တာဖြိုးနှင့် မလုတောင်တို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
