◾ မြန်မာတွင် အာကာသပညာရှင်များ မွေးထုတ်ရေးနှင့် နည်းပညာလွှဲပြောင်းရေး ပူးပေါင်းဆောင်ရွက်ရန်လည်း တရုတ်ကုမ္ပဏီများ စိတ်ဝင်စား
သတိုး
၁၈. ၆. ၂၀၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် အခြေခံအကျဆုံးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချနိုင်ရေးကိစ္စများမှစ၍ ဉာဏ်ရည်တု (Artificial Intelligence – AI)၊ ဒီဂျစ်တယ်နည်းပညာ၊ စွမ်းအင်ကဏ္ဍနှင့် အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအထိ နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ပြောကြားသည်။


တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၇ ရက်နံနက်အထိ ပေကျင်းမြို့တွင် ရှိနေစဥ် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ ၁၇ ရက်ညနေပိုင်းတွင် ရှန်ဟိုင်းမြို့သို့ရောက်ရှိလာပြီးနောက် နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့တော်ဝန် ကုံးကျန့်၏ ဂါရဝပြုတွေ့ဆုံမှုခံယူကာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ တွေ့ဆုံဆွေးနွေးခဲ့သလို ဟွမ်းဖုမြစ်ကို သွားရောက်လေ့လာမှုများပြုခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်မူ ရှန်ဟိုင်းမြို့ရှိ Radisson ဟိုတယ်၌ တရုတ် – မြန်မာစီးပွားရေးပြပွဲတက်ရောက်ဖွင့်လှစ်ပေးခြင်း၊ Myanmar-China Investment and Trade Networking Summit (MCITP-2026) တက်ရောက်ကာ တရုတ်လုပ်ငန်းရှင်များ သိလိုသည်ကို ဖြေကြားပေးခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းပေးခြင်း၊ တရုတ်ကုမ္ပဏီကြီးများနှင့် သီးခြား တွေ့ဆုံခြင်း၊ လင်းကန်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ လေ့လာခြင်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဟန်ကျိုးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာကဏ္ဍမှ တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာလွှဲပြောင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့် အလားအလာများကို ဖော်ဆောင်နိုင်ခဲ့သည်။
ထို့အပြင် ယနေ့ကျင်းပသည့် Myanmar-China Investment and Trade Networking Summit (MCITP-2026) တွင် မြန်မာနိုင်ငံ၏ အာကာသစက်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာကာသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပူးတွဲလေ့ကျင့်ပျိုးထောင်ရေး၊ ပူးတွဲဓာတ်ခွဲခန်းများ တည်ထောင်ရေးနှင့် နည်းပညာလွှဲပြောင်းရေးဆိုင်ရာ အစီအစဉ်များရှိ၊ မရှိကို တရုတ်နိုင်ငံမှ အာကာသနည်းပညာကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မေးမြန်းခဲ့သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအတွင်း အဆိုပါကုမ္ပဏီတာဝန်ရှိသူက ၎င်းတို့အနေဖြင့် ဂြိုဟ်တုထုတ်လုပ်ရေးနှင့် ဂြိုဟ်တုပတ်လမ်းကြောင်းအတွင်း လည်ပတ်ထိန်းသိမ်းရေး (On-orbit Operation and Maintenance) ဆိုင်ရာ လက်တွေ့အသုံးချသင်တန်းများ ပံ့ပိုးပေးရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းအခြေစိုက် အာကာသနည်းပညာ ကျွမ်းကျင်ပညာရှင်အဖွဲ့များ ပေါ်ထွန်းလာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းမေးခွန်းအပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မိမိကိုယ်တိုင် အထူးစိတ်ဝင်စားကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြခန်းများနှင့် သုတေသနအဆောက်အအုံများကို သွားရောက်လေ့လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အဆင့်မြင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ယုံကြည်အားထားမှုရှိပြီး နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကို ကြိုဆိုကြောင်းလည်း သမ္မတကြီးမှ ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံ၏ အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် သင်တန်းပေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ အသေးစိတ်အစီအစဉ်များကို ဆက်လက်ဆွေးနွေးနိုင်ရန်လည်း ကြိုဆိုပါကြောင်း” နိုင်ငံတော်သမ္မတက ဆက်လက် ပြောကြားခဲ့သည်။

