၁၆.၆.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျာကာတာတွင် တက္ကသိုလ်ကျောင်းသားများက သမ္မတ ပရာဘိုဝို ဆူဘီယန်တို ခေါင်းဆောင်သော အစိုးရ၏ အသုံးစရိတ်ဦးစားပေးမှုများကို ဇွန်လ ၁၂ ရက်တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ဇွန်လ ၁၅ ရက်တွင်လည်း ရာပေါင်းများစွာသော ကျောင်းသားများက နိုင်ငံအနှံ့ဆန္ဒပြမှု များ ထပ်မံပြုလုပ်ခဲံ့ကြကြောင်း သိရသည်။
ဆန္ဒပြ အင်ဒိုနီးရှားကျောင်းသားများက အစိုးရ၏မူဝါဒများအနေဖြင့် နိုင်ငံကို ဒေဝါလီခံရသည်အထိ ဖြစ်စေနိုင်သည်ဟု သတိပေး ဆန့်ကျင်ခဲ့ကြသည်။ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အစိုးရလက်ထက်တွင် ဘဏ္ဍာရေးဖိအားများ မြင့်တက်လာခြင်းကြောင့် ပြီးခဲ့သည့်အပတ်က လောင်စာဆီ ဈေးနှုန်း ၃၂ ရာခိုင်နှုန်း မြင့်တက်လာပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများက နိုင်ငံတော်အသုံးစရိတ်ကို ပြန်လည်သုံးသပ်ရန်နှင့် လူနေမှုစရိတ် မြင့်တက်လာမှုကို လျှော့ချရန် အစီအမံများကိုလည်း တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြကျောင်းသားများက အင်ဒိုနီးရှားနိုင်ငံ၏ အဓိကမြို့ကြီးရှစ်မြို့တွင် စုဂေးကြကာ သမ္မတ ပရာဘိုဝို အစိုးရ၏မူဝါဒများကိုဆန့်ကျင်သော ကြွေးကြော်သံများဟစ်အော်၍ ချီတက်ဆန္ဒပြခဲ့ကြသည်။
ဂျာကာတာမြို့တော်၏ လမ်းများတစ်လျှောက်ချီတက်လာကြသော ဆန္ဒပြကျောင်းသားများက လောင်စာဆီဈေးနှုန်းတိုးမြှင့်သော အစိုးရ၏မူဝါဒများကို ဝေဖန်ရှုတ်ချခဲ့ကြသည်။ ၎င်းတို့က လောင်စာဆီဈေး နှုန်းတိုးမြှင့်ခြင်းနှင့် ၂၀၀၂ ခုနှစ် ရဲတပ်ဖွဲ့ဥပဒေပြန်လည်သုံးသပ်မှုတို့ကို အတည်ပြုခဲ့ခြင်းက ပြည်သူတို့အပေါ် သစ္စာဖောက်ခြင်းဟု ပြောကြားခဲ့ကြသည်။
အီရန်စစ်ပွဲကြောင့် လောင်စာဆီရှားပါးမှုနှင့်ကြုံတွေ့လာရသော်လည်း အင်ဒိုနီးရှားအစိုးရက လောင်စာဆီဈေးနှုန်းကို မပြောင်းလဲဘဲထားခဲ့သည်။ သို့သော် ဘဏ္ဍာငွေအသုံးစရိတ်လျှော့ချရန်ဖိအားများကြောင့် ပြီးခဲ့သည့်အပတ်တွင် လောင်စာဆီဈေးနှုန်းကို အစိုးရက တိုးမြှင့်သတ်မှတ်ခဲ့ရာမှ ဆန္ဒပြပွဲများဖြစ်ပေါ် လာခြင်းလည်း ဖြစ်သည်။
သမ္မတပရာဘိုဝို၏ အခမဲ့အစားအစာများအစီအစဉ်နှင့် ကျေးလက်သမဝါယမ အစီအစဉ်တို့ကိုလည်း ရပ်ဆိုင်းရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းကလည်း အိုးအိမ်ဆိုင်ရာ ပြုပြင်ဖွဲ့စည်းမှုများအပေါ် အကြောင်းခံ၍ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးသေဆုံးခဲ့ရသေးသည်။
Ref; SCMP



