သတိုး
၁၆. ၆. ၂၀၂၆
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ MOU ၁၈ ခုရေးထိုးခြင်းနှင့် တီယန်အန်မင်ရင်ပြင်တွင် လွမ်းသူပန်းခွေချ ဂုဏ်ပြုခြင်းများပြုလုပ်ပြီးနောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် တွေ့ဆုံဆွေးနွေးမှု ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်သမ္မတ ဖိတ်ကြားချက်အရ သွားရောက်သည့် ယခု ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် တွေ့ဆုံခဲ့သည့်အပြင် ဝန်ကြီးချုပ်လီချန်နှင့်ပါ တွေ့ဆုံမည်ဖြစ်သည်။
ကျောက်လဲ့ကျိ (Zhao Leji) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအနေဖြင့် တရုတ်နိုင်ငံ၏ ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင်ရသလို နိုင်ငံခြားရေးရာ ကဏ္ဍတွင် နိုင်ငံတကာမှ လွှတ်တော်ဥက္ကဋ္ဌများ၊ အထက်လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့များကို လက်ခံတွေ့ဆုံဆွေးနွေးလေ့ရှိသလို နိုင်ငံတော်အဆင့် အစည်းအဝေးများနှင့် အာရှဖိုရမ်ကဲ့သို့သော စီးပွားရေးဆိုင်ရာ ဖိုရမ်များတွင်လည်း တက်ရောက်မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ရသူဖြစ်ကြောင်း သိရသည်။
