၁၆.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ မိုဂျာဗီသဲကန္တာရရှိ အမေရိကန်လေတပ်စခန်းမှ ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် ပျံတက်ပြီးနောက် မကြာမီမှာပင် အမေရိကန်လေတပ်၏ မဟာဗျုဟာမြောက် B-52 ဗုံးကြဲ လေယာဉ်ကြီးတစ်စီး ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်ပါ လူရှစ်ဦး သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း သတင်းများအရသိရသည်။။
“ကနဦးလက္ခဏာများအရ လေယာဉ်ပျက်ကျမှုမှ အသက်ရှင်ကျန်ရစ်သူမရှိပါ” ဟု လော့စ်အိန်ဂျလိစ် မြောက်ဘက်ရှိ အက်ဒွပ်လေတပ်စခန်းက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း အရာရှိများက ပြောကြားခဲ့သည်။

လေယာဉ်အမှုထမ်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ မတွေ့ရှိရသေးသော်လည်း လေကြောင်းဗီဒီယိုများအရလည်း လေယာဉ်ပေါ်တွင် မည်သည့်အရာမျှ မကျန်ရှိတော့ကြောင်း ပြသနေသည်ကို တွေ့ကြရသည်။ လေယာဉ်က နံနက် ၁၁း၂၀ နာရီခန့်တွင် ပျက်ကျပြီးနောက် အရေးပေါ်အဖွဲ့များက ချက်ချင်းပင် တုံ့ပြန်ခဲ့ကြသည်။ လေယာဉ်ပြေးလမ်းဟုထင်ရသည့်နေရာအနီးရှိ အက်ဒွပ်လေတပ်စခန်းတည်ရှိရာ မီးလောင်နေသော သဲကန္တာရကြီးအတွင်းမှ မီးခိုးမည်းများ ထွက် ပေါ်လာပြီး အရေးပေါ်ယာဉ်များ အနီးအနားတွင် ရှိနေသည်ကို တွေ့ကြရသည်။သို့သော် ပျက်ကျခဲ့သော ဗုံးကြဲလေယာဉ်တွင် လက်နက်တပ်ဆင်ထားခြင်း ရှိ၊ မရှိကို စစ်တပ်က မပြောကြားခဲ့ပေ။
Stratofortress ဟုခေါ်ဆိုကြသော မဟာဗျူဟာမြောက် Boeing B-52 လေယာဉ်ကြီးများက ၁၉၅၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့သော တာဝေးဗုံးကြဲလေယာဉ်ကြီးများဖြစ်သည်။ သမားရိုးကျလက်နက်နှင့် နျူကလီးယားလက်နက်နှစ်မျိုးလုံးကို သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသော B-52 ဗုံးကြဲလေယာဉ်များကို ဗီယက်နမ်စစ်ပွဲမှ အီရန်စစ်ပွဲအထိ အမေရိကန်စစ်တပ်ပါဝင်သည့် ပဋိပက္ခများတွင် အသုံးပြုခဲ့သည်။
ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းအထိ လေယာဉ်ကွင်းကို ပိတ်ထားဆဲဖြစ်ပြီး ဆင်းသက်လာသော လေယာဉ်အားလုံးကို လမ်းကြောင်းပြောင်းထားကြောင်း အရာရှိများက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
အက်ဒွပ် လေတပ်စခန်းသည် အမေရိကန်လေတပ်၏ လေယာဉ်စမ်းသပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုများ၏ အစိတ်အပိုင်းကြီးတစ်ခုဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက် မိုင် ၁၀၀ (၁၆၁ ကီလို မီတာ) အကွာတွင် တည်ရှိသည်။ အခြေစိုက်စခန်းကို စီမံခန့်ခွဲသည့် ၄၁၂ ကြိမ်မြောက် စမ်းသပ်တပ်ဖွဲ့သည် လေတပ်လေယာဉ်အားလုံး၊ လက်နက်စနစ်များ၊ ဆော့ဖ်ဝဲလ်နှင့် အစိတ်အပိုင်းများကို ဝယ်ယူခြင်း မပြုမီနှင့် ၎င်းတို့၏ သက်တမ်းတစ်လျှောက်လုံးတွင် တိုးတက်မှုဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်သည်။
B-52 လေယာဉ်သည် ပျံတက်ပြီးနောက် အလွန်မြင့်မားစွာတက်ခြင်း သို့မဟုတ် လေဆိပ်မှ ဝေးဝေးသို့ ပျံသန်းသွားခြင်းမပြုနိုင်ဘဲ လျင်မြန်စွာ ပျက်ကျခဲ့ခြင်းက လေကြောင်းပျံသန်းမှုဘေးကင်းရေးပညာရှင် ဂျက်ဖ်ဂတ်ဇက်တီ (Jeff Guzzetti) အား ပျံသန်းမှုထိန်းချုပ်ရာတွင် ချို့ယွင်းချက်တစ်ခုခုရှိသည်ဟု သံသယဖြစ်စေခဲ့သည်။ သို့သော် ထိန်းချုပ်မှုပြဿနာကို အဘယ်အရာက ဖြစ်ပေါ်စေနိုင်သည်ကို ပြောရန် စောလွန်းသေးကြောင်း သိရသည်။
လေယာဉ်ကို ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပြီးနောက် ထိန်းချုပ်မှုများကို မှားယွင်းစွာ တပ်ဆင်ထားခြင်း သို့မဟုတ် အင်ဂျင်ပြဿနာကြီးကြီးမားမား သို့မဟုတ် စမ်းသပ်နေသော စက်ပစ္စည်းတစ်ခု၏ ချို့ယွင်းချက်တို့ ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်လေတပ်သည် B-52 ဗုံးကြဲလေယာဉ်များကို နှစ်ပေါင်း ၇၀ ကျော် ပျံသန်းနေခဲ့သော်လည်း လေယာဉ်ပေါ်တွင် ပစ္စည်းကိရိယာအသစ်များကို စမ်းသပ်ခြင်းသည် စိန်ခေါ်မှုအသစ်များကို ဖန်တီးပေးနိုင်သည်။
“ပျံသန်းမှုစမ်းသပ်တာက ပုံမှန်လုပ်ဆောင်မှုတွေထက် အမြဲတမ်းအန္တရာယ်များလို့ ဒီအတွက် အထူးလေ့ကျင့်ထားတဲ့ စမ်းသပ်လေယာဉ်မှူးတွေရှိပြီး အခြားဘေးကင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှိသင့်တယ်” ဟု ဂတ်ဇက်တီ က ပြောကြားခဲ့သည်။
B-52 ဗုံးကြဲလေယာဉ်တစ်စီးလျှင် ၂၀၂၅ ခုနှစ်တန်ဖိုးအရ အမေရိကန်ဒေါ်လာ ၁၆၇ သန်းရှိကြောင်းသိရသည်။
Ref——AP
