◾ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိ
MT News
၁၄. ၆. ၂၀၂၆
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိထားပြီး သဘာဝဓာတ်ငွေ့ ၁၄ ထရီလျံ ကုဗပေခန့်အထိ ထွက်ရှိရန် အလားအလာရှိသည့် ဧရာဝတီကမ်းလွန်ဒေသလုပ်ကွက် စီမံကိန်းကို စီးပွားဖြစ်တူးဖော်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယနေ့အတည်ပြုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် သဘာဝဓာတ်ငွေ့ ကမ်းလွန်စီမံကိန်း(၄)ခုမှ သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်မြေဩဇာ ထုတ်လုပ်မှုအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။
ယခုအခါ စီမံကိန်းအသစ်(၄)ခုကို ထပ်မံဖော်ဆောင်နေပြီး ယင်းစီမံကိန်း(၄)ခုအနက် ဧရာဝတီကမ်းလွန်ဒေသ စီမံကိန်းနှင့် တနင်္သာရီကမ်းလွန်ဒေသစီမံကိန်းများသည် ဓာတ်ငွေ့သိုက် ပမာဏကြီးမားပြီး အလားအလာကောင်းသော စီမံကိန်းများ ဖြစ်ကြောင်း တွေ့ရှိရသည်။
ဧရာဝတီကမ်းလွန်ဒေသလုပ်ကွက် စီမံကိန်းသည် ဧရာတီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင်တည်ရှိပြီး သဘာဝဓာတ်ငွေ့ ၁၄ ထရီလျံ ကုဗပေခန့်အထိ ထွက်ရှိရန် အလားအလာရှိသည်။ အစမ်းတွင်းနှင့် အတည်ပြုတွင်းများတူးဖော်၍ စီးပွားဖြစ် ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
တနင်္သာရီကမ်းလွန်ဒေသလုပ်ကွက်သည်လည်း တနင်္သာရီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့ ၉၅ ထရီလျံကုဗပေခန့် ထွက်ရှိရန် အလားအလာရှိကြောင်း သိရှိရသည်။ အစမ်းတွင်းများ ဆက်လက်တူးဖော်မည်ဖြစ်ပြီး ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏအား တိကျသေချာစွာသိရှိပါက စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
