၁၄.၆.၂၀၂၆
Written by Linn Eain
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ဇွန် ၁၂ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဦးစွာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နွယ်နွယ်ဦးက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက်ပါ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇) ဦးဇင်မင်းထက်က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ဖြည့်စွက်ချက်များ၊ အဆိုပြု ပြဋ္ဌာန်းချက်တွင် ပါရှိသည့် “ဘဏ်ငွေစာရင်းအမှတ်” ဆိုသော စကားရပ်အစား “ဘဏ်ငွေစာရင်း” ဆိုသည့် စကားရပ်ဖြင့် ဥပဒေကြမ်းတစ်ခုလုံးတွင် ပြောင်းလဲပြင်ဆင်ခြင်း၊ အဆိုပြုပြဋ္ဌာန်းထားသည့် ဥပဒေကြမ်း၏ အခန်း(၂) အခန်းခေါင်းစဉ် ပယ်ဖျက်ခြင်းနှင့် ယခုပြင်ဆင်ချက်များဖြင့် အတည်ပြုထားသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲများမှအပ ကျန်ရှိသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အဆိုပြုပြဋ္ဌာန်းချက်အတိုင်း ထားရှိရန်အတွက် လွှတ်တော်က အတည်ပြုပေးပါရန် တင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါတင်ပြချက်များနှင့် ပတ်သက်၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့်ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်း အပိုဒ် ၁ မှ ၆၃ နှင့် ဥပဒေကြမ်း အမည်တို့သည် ဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်သင့်သည့်အတွက် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် အပိုဒ် ၁ မှ ၆၃ နှင့် ဥပဒေကြမ်းအမည်တို့သည် ဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင်များ၊ အကြံပြုဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အကျေအလည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီတွင် ပိုမိုခိုင်မာအားကောင်းစေရန် ဒုဥက္ကဋ္ဌတစ်ဦး၊ အဖွဲ့ဝင်နှစ်ဦးကိုလည်းကောင်း၊ ဒေသဆိုင်ရာကော်မတီတွင် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ တိုက်ဖျက်ရေးဗဟိုဌာနတွင် အဖွဲ့ဝင် နှစ်ဦးကို လည်းကောင်း ထပ်မံဖြည့်စွက်ခြင်း၊ လုပ်ငန်းတာဝန်များ အသစ်ဖြည့်စွက်ခြင်း၊ စကားရပ်များ အစားထိုးပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည့်အတွက် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းအပ်ကြောင်း ပြောကြားခဲ့ပြီး ယင်းအဆိုကို ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၅) ဦးမျိုးမင်းနောင်က ထောက်ခံခဲ့ကြောင်း သိရသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုပါဥပဒေကြမ်း ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်တွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ဇွန် ၂ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
