◾ ၂၀၀၀ ပြည့်နှစ်က တူးဖော်တွေ့ရှိထားသည်ကို ယခုလာရောက်အပ်နှံခြင်းဖြစ်ပြီး ယခင်ရှာဖွေတွေ့ရှိသည့် နီလာရိုင်းတုံးထက် ပိုမိုကြီးမားပြီး ၁၄၃၀၀ ဂရမ်ရှိနေ
MT News
၁၄. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယနေ့ သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြည်သူများတခဲနက် ဆန္ဒမဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီအစိုးရဖွဲ့စည်း တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မှုဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနေချိန်တွင် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော်ထံသို့ လာရောက်အပ်နှံခဲ့သည်။
အဆိုပါနီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမဆောင်၌ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့အား ကြည့်ရှုစစ်ဆေးကြသည်။
ယခင် ၂၀၀၉ ခုနှစ်တွင် အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိသော နီလာရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုနီလာရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပြီးရှားပါးကြောင်း၊ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်းမှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာရိုင်းတုံးကြီး ဖြစ်ကြောင်း သတင်းရရှိသည်။


