သက်တံ့
၁၀. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ နခွန်နယော့ခရိုင်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ပြင်းထန်သော မုန်တိုင်းကြောင့် သက်တမ်းတစ်ရာကျော်ရှိသော ကညင်ပင် (Yang Na) ကြီးတစ်ပင် ပြိုလဲခဲ့ရာ သစ်သီးစား လင်းဆွဲအကြီးစား ၇၅၇ ကောင် သေဆုံးပြီး ၄၇ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက် မွန်းလွဲပိုင်း မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ဘန်နာ (Ban Na) မြို့နယ်ရှိ ဝပ်ကရဒန် (Wat Kradan) ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ သစ်ပင်ကြီး ပြိုလဲကျခဲ့ပြီးနောက် အမှတ် (၁) ကာကွယ်ရေးတောရိုင်းနယ်မြေဒေသရုံး (ပရာချင်ပူရီ) မှ အရာရှိများနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များသည် ရူအမ်ကတာညု (Ruamkatanyu) ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းများနှင့်အတူ လဲကျနေသော သစ်ပင်ကြီးအား ရှင်းလင်းရန် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည်။
သက်တမ်း နှစ် ၁၀၀ ကျော်ရှိပြီဟု ခန့်မှန်းရသည့် အဆိုပါသစ်ပင်ကြီးသည် လင်းဆွဲအကြီးစား ထောင်ပေါင်းများစွာနှင့် အကောင်ပေါက်လေးများ ခိုအောင်းနားခိုရာနေရာ ဖြစ်သည်။ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိုမင်းရင့်ရော်နေသော သစ်ပင်ကြီး လဲကျသွားခဲ့ရခြင်းဖြစ်ပြီး တိရစ္ဆာန်အများအပြားမှာ မလွတ်မြောက်နိုင်မီ သစ်ကိုင်းများနှင့် အပျက်အစီးများအောက်တွင် ပိတ်မိသွားခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် လဲကျနေသော သစ်ပင်ကြီးအား အပိုင်းပိုင်းဖြတ်တောက်ရန်နှင့် အသက်ရှင်ကျန်ရစ်သည့် တိရစ္ဆာန်များကို ရှာဖွေရန် ၅ နာရီကျော်ကြာ အချိန်ယူခဲ့ရသည်။
အရာရှိများသည် လင်းနို့ (လင်းဆွဲ) များကို သေဆုံး၊ ဒဏ်ရာရနှင့် ထိခိုက်ဒဏ်ရာမရရှိဘဲ ဘေးကင်းလွတ်မြောက်သည့် အုပ်စုဟု ၃ စု ခွဲခြားခဲ့သည်။ သေဆုံးသွားသော လင်းဆွဲအသေများကို အမျိုးသားဥယျာဉ်များဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေမြှုပ်သင်္ဂြိုဟ်ရန် သိမ်းဆည်းခဲ့ပြီး ဒဏ်ရာရရှိထားသည့် တိရစ္ဆာန်များကိုမူ ဆေးကုသမှုနှင့် ပြန်လည်ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် နခွန်နယော့ရှိ အမှတ် (၁) တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ခဲ့သည်။ ကျန်းမာသန်စွမ်းသည့် လင်းဆွဲများကိုမူ ထိုဧရိယာအတွင်းရှိ အနီးနားရှိ သစ်ပင်များပေါ်သို့ ပြန်လည်လွှတ်ပေးခဲ့သည်။
ပဏာမကောက်ယူခဲ့သော စာရင်းများအရ လင်းဆွဲ ၇၅၇ ကောင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိထားသည့် ၄၇ ကောင်ကို တိရစ္ဆာန်ဆေးကုသမှု ခံယူနိုင်ရန် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက ဒဏ်ရာရရှိထားသည့် လင်းဆွဲ(လင်းနို့)များ ထပ်မံရှိမရှိကို ထိုနေရာတွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် တိရစ္ဆာန်အသေများကိုလည်း တောရိုင်းတိရစ္ဆာန်စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက နခွန်နယော့ ကယ်ဆယ်ရေးစခန်းတွင် ဒဏ်ရာရလင်းဆွဲများကို ဆေးကုသပေးရာ၌ အထောက်အကူဖြစ်စေရန်အတွက် လှောင်အိမ်များ၊ ဆေးဝါးများနှင့် အခြားလိုအပ်သော ပစ္စည်းကိရိယာများကို အများပြည်သူထံမှ လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Ref : Khaosod English



