၈.၆.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က အစ္စရေးအား အီရန်ကို တိုက်ခိုက်မှုများ ထပ်မံ မပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကိုလည်း ယခုချက်ချင်း ဖုန်းခေါ်ဆိုပြီး လက်စားချေခြင်းမပြုရန် ပြောမည်ဟု ဇွန်လ ၇ ရက် က ပြောကြားခဲ့သည်။ ထရပ်မ့်က အစ္စရေးနှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရမည်ဟု လူမှုမီဒီယာ Truth Social တွင် ပြောကြားခဲ့သည်။
အီရန်က အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဇွန်လ ၇ ရက်ညပိုင်းက ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးကလည်း အီရန်အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ပြီး နှစ်လအကြာတွင် အီရန်နှင့် အစ္စရေးတို့သည် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းမှာ ဤအကြိမ်က ပထမဆုံးဖြစ်ကြောင်းလည်း သတင်းများ အရ သိရသည်။
အစောပိုင်းက အစ္စရေးက ၎င်း၏ တိုက်လေယာဉ် ပေါင်းများစွာက အီရန်ကာကွယ်ရေးစနစ်များကို တိုက်ခိုက်မှုများ အပြီးသတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် မြို့တော် တီဟီရန် မှနေ၍ ပေါက်ကွဲသံများကိုကြားနေရကြောင်းလည်း သိရသည်။
အစ္စရေးက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ကို ဇွန်လ ၇ ရက်က လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ပြီး မြို့၏ တောင်ပိုင်းဆင်ခြေဖုံးရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို တိုက်ခိုက်မှုများက ဟစ်ဇ်ဘိုလာတို့၏ အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းကို တုံ့ပြန်ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
Ref-bbc
