



၈.၆.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပယ်ဖျက်ရန်ကျန်ရှိနေသော စားကျက်မြေ ၂၆၈၁ ဧကအား စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန် အစီစဉ်ရှိမရှိ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဇွန် ၈ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “အဆိုပါမြေပေါ်တွင် နေထိုင်၊ လုပ်ကိုင်စားသောက်နေသော ပြည်သူများ စိတ်ချမ်းသာစွာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ပယ်ဖျက်ရန်ကျန်ရှိသော စားကျက်မြေဧက ၂၆၈၁ ဧကအား စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် ရှိမရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်လေးစားစွာဖြင့် မေးမြန်းတင်ပြအပ်ပါတယ်” ဟု ပြောကြားမေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းမှုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ စိစစ်တင်ပြရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုသည့်အပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူ့လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့သည်။
“စားကျက်မြေပယ်ဖျက်ရေးကိစ္စကို သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့က စိစစ်တင်ပြချက်အပေါ်မှာ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့မှ မူအားဖြင့် ခွင့်ပြုပါရန် ခွင့်ပြုတဲ့အပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားအပ်ပါတယ်” ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မူလက စားကျက်မြေ ၃၇၃၂ ရှိခဲ့ပြီး ၁၉၂၀-၁၉၈၀ ပြည့်နှစ်များက စားကျက်မြေများအတွင်း ဝင်ရောက်၍ လယ်ယာစိုက်ပျိုးခြင်း၊ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ ကျေးရွာခြံမြေအသုံးပြုခြင်း၊ သာသနာမြေအဖြစ် အသုံးပြုခြင်း၊ သုသာန်မြေအဖြစ် အသုံးပြုခြင်းစသည့်ဖြင့် နေထိုင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် တွံတေးမြို့နယ်အတွင်းရှိ မူလစားကျက်မြေ ၃၇၃၂ အနက် စားကျက်မြေ ၁၀၅၁ ဧကကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပယ်ဖျက်ပေးခဲ့ပြီး စားကျက်မြေ ၂၆၈၁ ဧကကျန်ရှိနေကြောင်း၊ အဆိုပါမြေများပေါ်တွင် ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ဦးပိုင်ပေါင်း ၃၉၀ ပေါ်တွင် တောင်သူ ၁၆၇၀ ဦးမှ လယ်ယာစိုက်ပျိုးခြင်း၊ ငါးမွေးမြူရေးလုပ်ငန်းများနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ မေးခွန်းတွင် ဖော်ပြထားသည်။
ထိုသို့ မြေပြင်ပေါ်တွင် အသုံးပြုမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ပြီး အများပြည်သူအကျိုးအတွက် မဖြစ်မနေအသုံးပြုရန် လိုအပ်သည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဇယား(၁) အရ မြေယာစီမံခန့်ခွဲမှုများကို ပြည်ထောင်စုမှစီမံခန့်ခွဲရန် ပြဋ္ဌာန်းထားသည့်အတွက် စားကျက်မြေပယ်ဖျက်ခွင့်ရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတရုံးထံသို့ တင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိသည်ဆိုပါက စားကျက်မြေပယ်ဖျက်ခွင့်ရရှိရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။
ထို့နောက် ပယ်ဖျက်ခွင့်ရရှိပြီးလျှင် မြေပြင်အသုံးပြုမှုအပေါ်မူတည်ပြီး ဌာနဆိုင်ရာမြေအဖြစ် အသုံးပြုရန်လည်းကောင်း၊ လယ်ယာစိုက်ပျိုးမြေ၊ ကျေးရွာမြေ စသည်ဖြင့် အသုံးပြုရန်အတွက် မြေစာရင်းဦးစီဌာနမှ မြေအမျိုးအစားအလိုက် ပြောင်းလဲမှတ်သားမှုများပြုလုပ်ပြီးလျှင် စားကျက်မြေပယ်ဖျက်ခွင့်ပြုထားသည့်အတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
