သတိုး
၈. ၆. ၂၀၂၆
အမေရိကန်နိုင်ငံ၊ မစ်ဆိုရီပြည်နယ်၊ ကန်ဆက်စီးတီးမြို့တွင် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်အသင်း အခြေစိုက်မည့် နေရာအနီး ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူကိုးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ စနေနေ့(ဇွန် ၆ ရက်) ဒေသစံတော်ချိန် မနက် ၄ နာရီခန့်တွင် သေနတ်သံများထွက်ပေါ်ခဲ့ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များကို ကန်ဆက်စီးတီးမြို့ရှိ ထရူးစ်တ်လမ်းမကြီးသို့ စေလွှတ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကန်ဆက်စီးတီးရဲတပ်ဖွဲ့မှ ဗိုလ်ကြီး ဂျိတ် ဘက်ချီနာ (Jake Becchina) ၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် လူအုပ်ကြီးမှာ ထိုနေရာမှ လူစုကွဲ ထွက်ပြေးနေကြသည်ကို တွေ့ရကြောင်း သိရသည်။ အသက်ပြည့်ပြီးသူ အမျိုးသမီးသုံးဦးတွင် သေနတ်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရသည်။ ထို့နောက် ဒဏ်ရာရရှိထားသည့် လူကြီး စုစုပေါင်း ကိုးဦးအထိ ရှိလာပြီး ၎င်းတို့သည် ဒေသတွင်းရှိ ဆေးရုံအသီးသီးသို့ အသီးသီးရောက်ရှိလာခဲ့ကြောင်းနှင့် ရရှိထားသော ဒဏ်ရာများသည် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
လက်ရှိအချိန်အထိ ဖမ်းဆီးရမိသူ သို့မဟုတ် သံသယရှိသူတစ်ဦးမျှ ထိန်းသိမ်းထားနိုင်ခြင်း မရှိသေးပေ။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်များသည် ထိုဧရိယာတစ်ဝိုက်တွင် ကင်းလှည့်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ဤပစ်ခတ်မှုသည် အမေရိကန်တစ်ဝှမ်း၊ အထူးသဖြင့် လူစည်ကားရာ အများပြည်သူ ဆိုင်ရာနေရာများတွင် သေနတ်ဖြင့် အကြမ်းဖက်မှုများ တိုးပွားလာနေသည့် စိုးရိမ်ဖွယ်ရာ အခြေအနေကို ပိုမိုထင်ရှားစေသည်။ ကိန်းဘရစ်ချ် (Cambridge) နှင့် အက်ဒ်မွန်ဒ် (Edmond) တို့တွင် ဖြစ်ပွားခဲ့သော မကြာသေးမီက ဖြစ်ရပ်များနည်းတူ ဤဖြစ်စဉ်သည်လည်း လူစုလူဝေးရှိရာ နေရာများတွင် ပစ်ခတ်မှုဖြစ်ပွားသည့် ပုံစံမျိုးဖြစ်နေသဖြင့်၊ အထူးသဖြင့် ကမ္ဘာ့ဖလားကဲ့သို့ အဓိကပွဲကြီးများ နီးကပ်လာချိန်တွင် အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေသည်။

အဆိုပါ ပစ်ခတ်မှုသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်အသင်း အသုံးပြုမည့် လေ့ကျင့်ရေးကွင်းနှင့် ဟိုတယ်တို့မှ မလှမ်းမကမ်းနေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က ကန်ဆက်စီးတီး ရဲကော်မရှင်နာအဖွဲ့သည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ လုံခြုံရေးနှင့် ဘေးကင်းရေးအတွက် ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းကို လက်ခံရရှိခဲ့ကြောင်း KCTV5 သတင်းဌာနက ဖော်ပြထားသည်။ “ကျွန်တော်တို့ ဒီရန်ပုံငွေ လိုအပ်မယ်ဆိုတာ သိထားတဲ့အတွက် ပြင်ဆင်မှု အစီအစဉ်တွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။ နောက်ဆုံးတော့ ဒီရန်ပုံငွေ ရောက်လာလိမ့်မယ်လို့ တွေးထားခဲ့ပါတယ်” ဟု ကန်ဆက်စီးတီးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဒဲရက် မက်ကော်လန် (Derek McCollum) က ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသားများနှင့် အဖွဲ့ဝင်များသည် လက်ရှိတွင် ဖလော်ရီဒါပြည်နယ်၊ ပလမ်ဘိခ်ျ (Palm Beach) ၌ အခြေစိုက်ကာ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို အချောသတ် လုပ်ဆောင်နေကြသည်။ ၎င်းတို့သည် စနေနေ့က တမ်ပါ (Tampa) တွင် ကစားခဲ့သည့် ခြေစမ်းပွဲ၌ နယူးဇီလန်အသင်းကို ၁-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် အော်လန်ဒို (Orlando) ၌ ကိုစတာရီကာအသင်းနှင့် ဆက်လက်ခြေစမ်းရန် စီစဉ်ထားသည်။
အင်္ဂလန်အသင်းသည် ဇွန်လ ၁၃ ရက်နေ့တွင် ကန်ဆက်စီးတီးသို့ ရောက်ရှိမည်ဖြစ်ပြီး ပြိုင်ပွဲကာလတစ်လျှောက်လုံး ထိုနေရာ၌ပင် ရှိနေမည်ဖြစ်သည်။ ၎င်းတို့သည် မြို့၏အရှေ့တောင်ဘက်တွင်ရှိပြီး စပို့တင်းကန်ဆက်စီးတီး (Sporting Kansas City) အသင်း၏ အရန်အသင်းနှင့် အကယ်ဒမီအသင်းတို့ အခြေစိုက်ရာ Swope Soccer Village ကွင်းတွင် လေ့ကျင့်မည်ဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကန်ဆက်စီးတီးသို့ လာရောက်လည်ပတ်သူ ၆၅၀,၀၀၀ ခန့်အထိ ရှိလာနိုင်ရန် မျှော်မှန်းထားပြီး၊ ၎င်းသည် ယခင်ကထက် သိသိသာသာ များပြားလွန်းသည့် လူဦးရေဝင်ရောက်မှု ဖြစ်သောကြောင့် ဒေသတွင်း ဘေးကင်းရေးနှင့် လုံခြုံရေးအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာစေသည်။
ထို့အပြင် ကန်ဆက်စီးတီးသည် အခြားသော နိုင်ငံတကာလက်ရွေးစင်အသင်း အများအပြားအတွက်လည်း ကမ္ဘာ့ဖလားအခြေစိုက်စခန်းအဖြစ် တာဝန်ယူထားသည်။ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းသည် Sporting Kansas City အသင်း၏ ပင်မလေ့ကျင့်ရေးကွင်းကို အသုံးပြုမည်ဖြစ်ပြီး၊ နယ်သာလန်အသင်းကမူ အမျိုးသမီးအမျိုးသားဘောလုံးလိဂ် (NWSL) အသင်းဖြစ်သည့် Kansas City Current ၏ လေ့ကျင့်ရေးကွင်းများတွင် လေ့ကျင့်သွားမည်ဖြစ်သည်။
Ref : Times Now News
