

၈.၆.၂၀၂၆
Written by Linn Eain
ပဲခူးမြစ်ရေ နှစ်ရက်အတွင်း ၂၅၀ စင်တီမီတာ(၈ ပေခန့်)မြင့်တက်လာပြီး ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်သို့ နီးကပ်လာနိုင်၍ သတိပြုပြင်ဆင်နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေအခြေအနေများကို အသိပေးထုတ်ပြန်ထားသည်။
ပဲခူးမြစ်ရေအမှတ်မှာ ဇွန် ၆ ရက်၊ နံနက် ၆ နာရီခွဲအထိ ၃၃၂ စင်တီမီတာထိသာ ရှိသော်လည်း ဇွန် ၈ ရက် နံနက် ၆ နာရီခွဲအထိ တိုင်းထွာချက်များအရ ၅၈၂ စင်တီမီတာအထိ မြင့်တက်လျက်ရှိကြောင်း မိုး/ဇလ၏ အသိပေးထုတ်ပြန်မှုများအရ သိရသည်။
ပဲခူးမြစ်ရေအခြေအနေသည် ပဲခူးမြို့တွင် ဇွန် ၅ ရက် နံနက် ၆ နာရီခွဲမှ ဇွန် ၆ ရက် နံနက် ၆ နာရီခွဲအထိ ၂၂၇ စင်တီမီတာအထိ ပြောင်းလဲမြင့်တက်ခဲ့သဖြင့် ပဲခူးမြစ်ရေအမှတ်မှာ ၅၅၉ စင်တီမီတာထိရှိခဲ့ကြောင်း မိုး/ဇလ၏ ထုတ်ပြန်မှုအရ သိရသည်။
ယင်းနောက် ဇွန် ၆ ရက် ညပိုင်းအထိ ပဲခူးမြစ်ရေအမှတ်မှာ ၅၇၀ စင်တီမီတာတွင်လည်ကောင်း၊ ဇွန် ၇ ရက် ညနေ ၆ နာရီခွဲတွင် ပဲခူးမြစ်ရေအမှတ်မှာ ၅၉၄ စင်တီမီတာတွင်လည်းကောင်း အသီးသီးတည်ရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဇွန် ၈ ရက် နံနက် ၆ နာရီခွဲအထိ တိုင်းထွာချက်များအရ ပဲခူးမြစ်ရေအမှတ်မှာ ၅၈၂ စင်တီမီတာအထိ တိုးမြှင့်မြင့်တက်လျက်ရှိသဖြင့် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာနှင့် ၃၀၀ စင်တီမီတာခန့်အကွာတွင် တည်ရှိနေကြောင်း သိရသည်။
ထို့ပြင် မိုးလေဝလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ပဲခူးမြစ်ရေမှာ ဇွန်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း ရေကြီးနိုင်မှုအခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း အများပြည်သူသိရှိနိုင်ရန် ၎င်း၏ လေ့လာမှုများကို ဖော်ပြပေးထားသည်။
ထို့ကြောင့် ပဲခူးမြစ်ကမ်းဘေးတစ်လျှောက်နှင့် ပဲခူးမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များ (ဥပမာ – ဇိုင်းဂနိုင်း၊ ကလျာဏီ၊ ရွှေကူ ရပ်ကွက်များ) တွင် နေထိုင်ကြသော ပြည်သူများနှင့် ရေဘေးခံရလွယ်သော ဒေသများအနေဖြင့် အချိန်မရွေး ရေဘေးအန္တရာယ် ကြုံတွေ့ရနိုင်သဖြင့် ရေလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်ထားကြရန် အကြံပြုထားသည်။
