




၈.၆.၂၀၂၆.
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းတွင် ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူ့ရှိသော အင်အားပြင်းငလျင် တစ်ခု ဇွန်လ ၈ ရက် နံနက်ပိုင်က လှုပ်ခတ်သွားခဲ့ရာ မင်ဒါနာအို၏ အစိတ်အပိုင်းအချို့တွင် အဆောက်အအုံများ ပျက်စီးခဲ့ပြီး လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေခဲ့ကာ စာသင်နှစ်အစကျောင်းဖွင့်ရက်တွင် ဒေသများစွာ၌ ကျောင်းစာသင်တန်းများနှင့် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒဌာန (Phivolcs) က ဇွန် ၈ ရက် နံနက် ၇:၃၇ နာရီတွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်းနှင့် ငလျင်ဗဟိုချက်မှာ ဆာရန်ဂါနီပြည်နယ်၊ မာဆင်းစည်ပင်သာယာဒေသ ၏ အနောက်တောင်ဘက် လေးဒီဂရီ ၊ ၃၂ ကီလိုမီတာအကွာ မြေအောက်အနက် ၃၃ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
ကိုရိုနာဒယ်လ်မြို့တွင် စက္ကန့် ၃၀ ခန့်ကြာသည့် အားကောင်းသော ငလျင်လှုပ်ခတ်မှုကြောင့် မြို့၏ အစိတ်အပိုင်းအချို့နှင့် အနီးနားရှိ နေရာများတွင် အင်တာနက်၊ လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေရေးဝန်ဆောင်မှုများ ပြတ်တောက်သွားခဲ့သည်။ အရေးပေါ်လုပ်ထုံးလုပ်နည်းများအရ စာသင်ကျောင်းများတွင် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများကိုလည်း အတန်းများထဲမှ အမြန်ပင် ရွှေ့ပြောင်းကယ်ဆယ်ခဲ့ကြသည်။
ကိုတာဘာတိုမြို့တော်ဝန် ဘရူကစ် မာတာဘာလာအို က အဆင့်အားလုံးရှိ စာသင်တန်းများကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့ပြီး ကီဒါပါဝမ်မြို့တွင်လည်း အာဏာပိုင်များက ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်နေစဉ် အတန်းများနှင့် အစိုးရလုပ်ငန်းနှစ်ခုလုံးကို ရပ်ဆိုင်းထားခဲ့သည်။
Cotabato City Central Pilot မူလတန်းကျောင်းနှင့် မြို့တွင်းရှိ အခြားကျောင်းများတွင် ကျောင်းသားများကို ကြိုတင်ကာကွယ်မှုအနေဖြင့် အတန်းများမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ဂျင်နရယ်ဆန်တို့စ်မြို့တွင် SM City ဈေးဝယ်စင်တာ၏ အစိတ်အပိုင်းအချို့ ပျက်စီးမှုများ ရှိခဲ့ကြောင်းနှင့် မြို့တွင်းရှိ အဆောက်အအုံအချို့ ငလျင်ကြောင့် ပျက်စီးသွားကြောင်း ကနဦးသတင်းများအရ သိရသည်.။
အာဏာပိုင်များက ပို့စ်တင်ချိန်အထိ ငလျင်ကြောင့် အသေအပျောက်မရှိကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။
Ref-inquirernet
