သက်တံ့
၈. ၆. ၂၀၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နှစ်ရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့တွင် ပြုံယမ်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံးသော မြောက်ကိုရီးယားခရီးစဉ် ဖြစ်သည်။
ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ၏ တရားဝင်သတင်းစာဖြစ်သော ရိုဒေါင်ဆင်မွန် (Rodong Sinmun) တွင် တနင်္လာနေ့နံနက်ပိုင်းက ဖော်ပြခဲ့သည့် ဆောင်းပါး၌ ရှီကျင့်ဖျင်က နှစ်နိုင်ငံအကြား “သွေးမြေကျရင်း တည်ဆောက်ခဲ့ရသည့်” တိုက်ပွဲဝင်မဟာမိတ်ပြုမှုနှင့် ရဲဘော်ရဲဘက်စိတ်ထားရှိသော အပြန်အလှန်ယုံကြည်မှုတို့သည် အချိန်ကာလ၏ စမ်းသပ်မှုများနှင့် ပြောင်းလဲနေသော နိုင်ငံတကာအခင်းအကျင်းများကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ခဲ့ကြောင်း ရေးသားထားသည်။
ထို့အပြင် ရှီကျင့်ဖျင်က ပါတီ၊ အစိုးရနှင့် စစ်ဘက်ဆိုင်ရာ ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို ပိုမိုနက်ရှိုင်းစေရန်နှင့် “ဆွေမျိုးရင်းချာများကဲ့သို့” မကြာခဏ အပြန်အလှန် ထိတွေ့ဆက်ဆံသွားရန် ကတိပြုခဲ့သည်။
၎င်းက မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင်အမည်ကို ရည်ညွှန်းလျက် “သမိုင်းဝင် အလှည့်အပြောင်းသစ်တစ်ခုတွင် ရပ်တည်နေသည့် တရုတ်နိုင်ငံအနေဖြင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) နှင့် လက်တွဲကာ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန်နှင့် ခေတ်ကာလနှင့်အညီ ပိုမိုကြီးမားသော တိုးတက်မှုများဖြစ်ထွန်းအောင် ဖော်ဆောင်သွားရန် ဆန္ဒရှိပါသည်” ဟု ရေးသားထားသည်။
ယမန်နှစ် စက်တင်ဘာလအတွင်းက ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘေဂျင်းမြို့တွင် ကျင်းပခဲ့သည့် အကြီးစားစစ်ရေးပြအခမ်းအနားသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တက်ရောက်ခဲ့ခြင်းအပေါ် တုံ့ပြန်သောအားဖြင့် ယခုကဲ့သို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားတွင် ရှီကျင့်ဖျင်၊ ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် တီယန်အန်မင်ရင်ပြင် (Tiananmen Square) တွင် ဘေးချင်းယှဉ်လျက် ရပ်နေခဲ့ကြပြီး ယင်းမှာ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များထံမှ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည့် သုံးနိုင်ငံအကြား တွေ့ရခဲသော ညီညွတ်မှုပြသခြင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြသည်။
မြောက်ကိုရီးယားသို့ ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် နှစ်ရက်ကြာ လာရောက်သည့် ရှီကျင့်ဖျင်၏ ယခု ခရီးစဥ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
Ref: SCMP
