



၇.၆.၂၀၂၆
Written by KL
လိုက်ထရပ်ယာဥ်တစ်စီးက ရပ်ထားသော ၁၈ ဘီးယာဥ်ကို ဝင်တိုက်ရာမှ အမျိုးသားတစ်ဦးသေဆုံးမှု ယနေ့ ဇွန်လ ၇ ရက် ညနေ ၄ နာရီ ၅၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊အမှတ် (၆၁) ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
သာကေတမြို့နယ်ဘက်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်သို့ အသက် ၂၈ နှစ်အရွယ် ဦးဇေယျာလင်း မောင်းနှင်လာသော လိုက်ထရက်အဖြူရောင် မော်တော်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Volvo အဖြူရောင် ၁၈ ဘီးမော်တော်ယာဥ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဥ်တိုက်မှုကြောင့် လိုက်ထရက်ယာဥ်မောင်းမှာ ကားခေါင်းခန်းအတွင်း ညပ်နေသဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့ရာ ဆယ်မိနစ်အကြာတွင် သေဆုံးနေသော ယာဥ်မောင်း ဦးဇေယျာလင်းကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူယာဥ်မောင်း၏ရုပ်အလောင်းကို ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင်လူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
