


၇.၆.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အနောက်လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၄)တွင် ယနေ့ ဇွန်လ ၇ ရက် နံနက် ၉ နာရီခွဲခန့်က မီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျား၂၇ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ထရံကာ ၊ပျဥ်ခင်း နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်တွင် ဆိုလာပြားမှတစ်ဆင့်အသုံးပြုသော မီးပလပ်ခုံအပူလွန်ကဲရာမှ ဝါးထရံသို့ မီးကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၆ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အကြာ နံနက် ၉ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်အပေါ်ထပ် မီးလောင်ဆုံးရှူံးခဲ့သဖြင့် အသက် ၂၃ နှစ်အရွယ် ကိုကောင်းမြတ်ကျော်ကို မြစ်ကြီးနားနယ်မြေမီးသတ်စခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့အတူ ဇွန်လ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်ကလည်း မြစ်ကြီးနားမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊နယ်မြေ (၁)တွင် Air-con Safeguard အပူလွန်ကဲရာမှ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
