


သက်တံ့
၇. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ်ဝင်ထွက်သွားလာနိုင်သည့် အိန္ဒိယပြည်ပနိုင်ငံသားကတ် OCI (Overseas Citizenship of India) အား မြန်မာရဟန်းတော်တစ်ပါးနှင့် လုပ်ငန်းရှင်တစ်ဦးအား ဆက်ကပ်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မန္တလေးမြို့ရှိ အိန္ဒိယလူမျိုးစု ဦးဆောင်ကိုယ်စားလှယ်များ (All Myanmar Hindu Council, Sanatan Dharma Swayamsevak Sangh နှင့် Arya Samaj) ရှေ့မှောက်တွင် ဆရာတော် ဒေါက်တာ ပညာသာမိအား လည်းကောင်း၊ ပြင်ဦးလွင်မြို့ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးတင်လတ်အား လည်းကောင်း အိန္ဒိယပြည်ပနိုင်ငံသား (OCI) ကတ်များကို ပေးအပ်ခဲ့သည်။ ထိုအခမ်းအနား နှစ်ခုစလုံးသို့ ကောင်စစ်ဝန်ချုပ် ဆွန်ဒိပ် ကောရှဲလ်သည်လည်း သံအမတ်ကြီးနှင့်အတူ တက်ရောက်ခဲ့ပါသည်။
OCI ကတ်သည် အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ် ဝင်ရောက်ခွင့်ရရှိသည့် ရည်ရွယ်ချက်စုံ တစ်သက်စာဗီဇာ အမျိုးအစားဖြစ်ပြီး စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု၊ ငွေကြေးဆိုင်ရာ အရောင်းအဝယ်များနှင့် ပညာရေးအပါအဝင် အခွင့်အလမ်းများစွာကို ပွင့်လန်းစေသည်။ ထို့ကြောင့် OCI ကတ်စနစ်သည် အိန္ဒိယနိုင်ငံနှင့် ကဏ္ဍစုံမှ ထက်မြက်သော ပြည်ပရောက် အိန္ဒိယလူမျိုးစုများအကြား တန်ဖိုးရှိပြီး အရေးပါသော ပေါင်းကူးတံတားတစ်ခု ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ ၂ သန်းခန့်ရှိသော အိန္ဒိယလူမျိုးစုများအပြင်၊ ထင်ရှားသော ဗုဒ္ဓဘာသာ သာသနာပြုပုဂ္ဂိုလ်ဖြစ်သည့် ဆရာတော် ဒေါက်တာ ပညာသာမိနှင့် မန္တလေးတိုင်းဒေသကြီး စီးပွားရေးခေါင်းဆောင် MRCCI ဥက္ကဋ္ဌ ဦးတင်လတ်တို့အား OCI ကတ်များ လွှဲပြောင်းပေးအပ်ခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးရှိ အိန္ဒိယနွယ်ဖွားများအကြား ကျွန်ုပ်တို့၏ OCI အစီအစဉ်အပေါ် စိတ်ဝင်စားမှုနှင့် ဆွဲဆောင်မှု တိုးတက်လာသည်ကို ထင်ဟပ်စေသည်။ ၎င်းတို့အနက် အများစုသည် ရာစုနှစ်ပေါင်းများစွာကပင် အိန္ဒိယနိုင်ငံ၏ ဒေသအသီးသီးမှ မြစ်ဖျားခံလာသူများ ဖြစ်ကြသည်။ ထို့ပြင် ယင်းသည် မြန်မာနိုင်ငံနှင့် ကျွန်ုပ်တို့၏ နက်ရှိုင်းသော လူမှုအဖွဲ့အစည်းချင်း ဆက်နွှယ်မှုနှင့် ကဏ္ဍစုံရှိ ပြည်သူချင်းထိတွေ့ဆက်ဆံမှုများကို ပိုမိုခိုင်မာစေသည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
