

၇.၆.၂၀၂၆
Written by Linn Eain
ဓာတ်လိုက်နေသည့် မိခင်ကို သားဖြစ်သူမှ ဝင်ရောက်ကယ်ဆယ်သော်လည်း မိခင်သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရရှိမှု ယနေ့ ဇွန် ၇ ရက်၊ နံနက် ၇ နာရီခန့်က တောင်ဥက္ကလာပမြို့နယ် (၁၅) ရပ်ကွက်၊ မြင်သာ (၁) လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ထိုသို့ ဓာတ်လိုက်မှုကြောင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးခဲ့ပြီး သားဖြစ်သူမှာ ဒဏ်ရာရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
“အမေဖြစ်တဲ့သူက အဝတ်လှန်ကြိုး သွပ်ကြိုးတန်းကို ကိုင်မိနေတဲ့အချိန် ဓာတ်လိုက်နေလို့ သားဖြစ်သူက ခုံနဲ့ တွန်းဖယ်ပြီး ကယ်ဆယ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေဖြစ်သူကတော့ ကွယ်လွန်ခဲ့ပါတယ်။ သားဖြစ်သူကတော့ ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ သွပ်ကြိုးတန်းက တစ်ဆင့် လျှပ်စစ်စီးနေတာလို့ သိရပါတယ် ” ဟု မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တောင်ဥက္ကလာပမြို့နယ်၊ (၁၅) ရပ်ကွက် မြင်သာ (၁) လမ်းတွင် ဓာတ်လိုက်မှု ဖြစ်ပွားနေကြောင်း အကူညီတောင်းခံသဖြင့် ဒဏ်ရာရ သားဖြစ်သူကို ဓမ္မစိန်ရောင်လူနာတင်ယာဉ်က မြောက်ဥက္ကလာပဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာမှ သေဆုံးသူ မိခင်ဖြစ်သူ အမျိုးသမီးကြီးအား မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ အရေးပေါ် လူနာတင်ယာဉ်ဖြင့် စံပြဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း
