နေမိုး
၃. ၆. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ မိုင်းထောင်ခဲ့မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိမှုများ တစ်နေ့တာအတွင်းဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ PDF တို့၏ ကျူးလွန်မှုဖြစ်စဉ်များမှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၁ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်၊ (ဂ)ရပ်ကွက်အတွင်းသို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း ၄၀ မမဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးဇော်လတ်(၄၅)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာသို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်ရွှေငါး(၆၅)နှစ်၊ ဦးနီထွန်း(၆၀)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မူ(၆၅)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နေ့ ဇွန် ၁ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေ ၃၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာနေ ဦးလှထွန်း(၄၉)နှစ်သည် အဆိုပါကျေးရွာအနီးရှိ ၎င်းပိုင်ဥယျာဉ်ခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF များ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နောင်ချိုမြို့နယ်၊ ဈေးကုန်းကျေးရွာနေ ဦးမျိုးထက်လွင်(၃၄)နှစ်သည် ကျေးရွာအရှေ့ဘက် နှစ်ဖာလုံခန့်အကွာရှိ ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မြေမြှုပ်မိုင်း ထောင်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။





