သတိုး
၃. ၅. ၂၀၂၆
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ဇွန်လ ၄ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ (Wang Yi) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်မှ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီလ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတအား လာရောက် တွေ့ဆုံခဲ့သလို ဦးမင်းအောင်လှိုင်အား မြန်မာနိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်မှလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ကိုယ်စား ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သမ္မတဖြစ်အပြီး ပထမဆုံးခရီးစဉ်ကို မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီးနောက် ဇွန်လ ၄ ရက်နှင့် ၆ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်သွားရောက်မည့်အကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
Ref : Global Times
ပုံစာ။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်တွေ့ဆုံစဉ် မြင်ကွင်း။
