




၂.၆.၂၀၂၆
Written By Thandar
Shwe Mann Empire Film Production နဲ့ Bellarie Production တို့က ပူးပေါင်းပုံဖော် တင်ဆက်မယ့် မြန်မာ့သမိုင်းကြောင်းရဲ့ အထင်ကရအခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ကုန်းဘောင်ခေတ်ရဲ့ ခန့်ညားထည်ဝါမှုတွေကို နာမည်ကြီး အနုပညာရှင်အယောက် ၃၀ ကျော်နဲ့အတူ ရိုက်ကူးထားတဲ့ “Kong Baung Dynasty” ကုန်းဘောင်မင်းဆက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပုံဖော်သွားမယ့်အကြောင်း မိတ်ဆက် သတင်းစာရှင်းလင်းပွဲကို ယနေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Chatrium Hotel Royal Lake Yangon မှာကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်များစွာတက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်က သမိုင်းကို အခြေခံရုပ်ရှင်က ရှားတယ်။ ပြောမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ပေါင်း ၃၀ လောက်က အန်ကယ်ဦးကြည်စိုးထွန်း ရိုက်ခဲ့တဲ့ သူ့ကျွန်မခံပြီ နောက်ပိုင်းမှ ရိုက်တာမတွေ့ရတော့ဘူး။ ဒီအတွက် ဒီရုပ်ရှင် ရိုက်ဖြစ်တာပါ။ မုဆိုးဖိုရွာကနေစပြီး အလောင်းမင်းတရားကြီးက တတိယနိုင်ငံတော်ဆိုတဲ့ ကုန်းဘောင်အင်ပါယာကြီးတစ်ခုကို တည်ထောင်လာခဲ့တဲ့၊ မြန်မာဘုရင်တွေက ကိုယ့်ထီးကိုယ့်နန်း ကြီးကျယ်ခဲ့တယ်။ ဘယ်လောက်ကြီးကျယ် ခမ်းနားခဲ့တယ်ဆိုတာကို တစ်နိုင်ငံလုံးကို ပြချင်တာပါ။ သမိုင်းနဲ့ဆိုင်တဲ့ ရုပ်ရှင်ဆိုတော့ ကျွန်တော်တို့အတွက် အရမ်းကို တာဝန်ကြီးသလို အန္တရာယ်လည်း များပါတယ်။ သမိုင်းအချက်အလက်တွေ လေ့လာပြင်ဆင်ခဲ့ရပါတယ်။ ပုံမှန်ရုပ်ရှင်ဇာတ်ကားတွေဆို သိန်းထောင်ဂဏန်းလောက်ပဲ သုံးရတာ ဒီဇာတ်ကားမှာကြတော့ သိန်းသောင်းပေါင်းများစွာ ကုန်ကျခံပြီး ရိုက်သွားရမှာပါ”လို့ ဒါရိုက်တာ ဝင်းလွင်ထက်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အကယ်ဒမီအနုပညာရှင်တွေဖြစ်တဲ့ ရန်အောင်၊ ရဲအောင်၊ နိုင်းနိုင်း၊ နေတိုး၊ ဖြိုးငွေစိုး၊ မြင့်မြတ်၊ နေမျိုးအောင်၊ နေထက်လင်း၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုလ်၊ သူထူးစံ၊ အေးချမ်းမောင်၊ အောင်ရေချမ်း၊ နေဝင်း၊ ရွှေမန်းချမ်းသာ၊ မင်းဘုန်းမြတ်၊ တင်မောင်ဆန်းမင်းဝင်း၊ ချာလီငြိမ်း၊ ညိမ်းသော်၊ ချမ်းမင်းရဲထွဋ်၊ အောင်ဇမ္ဗူ၊ ဆွေဇင်ထိုက်၊ မိုးယုစံ၊ ရွှေမှုံရတီ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီး အစီအစဉ် ၅ ခုအနေနဲ့ ရိုက်ကူးသွားဖို့ ရှိတာဖြစ်ပြီး ပထမဦးဆုံး အလောင်းမင်း တရား ရုပ်ရှင်ဇာတ်ကားတစ်ကားအပါအဝင် မြန်မာဘုရင်တွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့အစဉ်အလာတွေနဲ့ ရုပ်ရှင်ဇာတ်ကား (၄) ကားရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
