




၂.၆.၂၀၂၆
Written by Linn Eain
ဒလ-တွံတေး YBS ယာဉ်များ နေ့စဉ် ၁၀ စီးဖြင့် ဇွန် ၁ ရက်ကစတင်ပြီး အသွားအပြန် ပြေးဆွဲပေးနေကြောင်း ဒလ-တွံတေးဂိတ် တာဝန်ရှိသူများထံမှ သိရသည်။
ထို့ပြင် ဒလ-ဆူးလေ YBS ယာဉ်များ ပြေးဆွဲရာတွင်လည်း ဒလမြို့နယ်ရှိ ကျောင်းရှေ့ဂိတ်ဆုံး၊ ဝန်ထမ်းအိမ်ရာဂိတ်ဆုံးတို့ဖြင့် ပြေးဆွဲရာမှ ချယ်ရီသင်္ဘောဆိပ်ဂိတ်ဆုံးအထိ တိုးချဲ့ကာ စတင်ပြေးဆွဲပေးနေကြောင်း သိရသည်။
ဒလ-တွံတေး YBS ယာဉ်များပြေဆွဲရာတွင် ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်(ဂိတ်စ)မှ တွံတေးမြို့နယ် ရွှေဆံတော်ဘုရား(ဂိတ်ဆုံး)အထိ နာရီဝက် တစ်စီးနှုန်းဖြင့် စမ်းသပ်ပြေးဆွဲနေပြီး နောက်ပိုင်းတွင် မိနစ် ၂၀ တစ်စီးနှုန်းဖြင့် ပြေးဆွဲသွားရန်ရှိကြောင်း သိရသည်။
“ချယ်ရီဂိတ်ကနေ တွံတေးကားကို ၅ မိနစ်ကနေ ၁၀ မိနစ်အတွင်း တစ်စီးထွက်မှာဖြစ်ပြီး တွံတေးကနေတော့ အခုတော့ နာရီဝက်တစ်စီးနှုန်းထွက်တယ်။ နောက်ဆိုရင် မိနစ်၂၀ တစ်စီးထွက်ရအောင် ပြေးဆွဲသွားမှာပါ ” ဒလ-တွံတေး YBS ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ဂိတ်ပိတ်ချိန်များမှာ ဒလ ချယ်ရီဂိတ်မှ ညနေ ၆ နာရီ နောက်ဆုံးကားထွက်မည်ဖြစ်ပြီး တွံတေး ရွှေဆံတော်ဘုရားမှ ညနေ ၅ နာရီ နောက်ဆုံးကားထွက်မည်ဖြစ်ကာ ယာဉ်စီးခအနေဖြင့် ၈၀၀ ကျပ်၊ YPS ကတ်ဖြင့် ပေးချေပါက ၇၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း၊ မှတ်တိုင် ၁၄ ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခင်က ဒလ-တွံတေးခရီးစဉ်ကို ပုဂ္ဂလိက တက္ကစီယာဉ်များဖြင့် စုပေါင်းစီးရပြီး ရှေ့ခန်း ၆၀၀၀ ကျပ်၊ အလယ်ခန်း ၅၀၀၀ ကျပ်၊ နောက်ဖုံးတွင် ၃၀၀၀ ကျပ်ဖြင့် ပေးချေစီးနင်းရကြောင်း သိရသည်။
တွံတေးခရီးသည်တစ်ဦးက “တက္ကစီတွေနဲ့ သွားတုန်းကထက်စာရင် ကားခအများကြီး သက်သာသွားတယ်။ တစ်ယောက် ၈၀၀ ကျပ်ဆိုတော့ နေ့စဉ်အသွားအပြန် အလုပ်လုပ်ရတဲ့သူတွေအတွက် တော်တော်သက်သာပါတယ်။ တွံတေးမှာ အိမ်ရှိပေမဲ့ အလုပ်က ရန်ကုန်မှာဆိုတော့ နေ့တိုင်းမပြန်နိုင်တော့ ဒလမှာပဲ ငှားနေရတယ်။ အခုနေ့တိုင်း ပြန်နိုင်သွားပြီ။ အိမ်ငှားခလည်း သက်သာတော့မယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဒလ- ဆူးလေ YBS ယာဉ်များ ဒလမြို့နယ်အတွင်းထဲထိ ဂိတ်ဆုံးနေရာများ တိုးချဲ့ပြေးဆွဲလာနိုင်သဖြင့် YPS ကတ်များအကြောင်း စိတ်ဝင်တစားမေးမြန်းမှု များပြားလာကြောင်းလည်း သိရသည်။
ဒလ-ဆူးလေ YBS ဂိတ်များဖြစ်ကြသည့် ကျောင်းရှေ့ဂိတ်တွင် ၁၃ စီး၊ ဝန်ထမ်းအိမ်ရာဂိတ်တွင် ၁၃ စီး၊ ချယ်ရီသင်္ဘောဂိတ်တွင် ၁၃ စီး စုစုပေါင်း အစီး ၄၀ ခန့်ဖြင့် နေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရသည်။
