နေမိုး
၂. ၆. ၂၀၂၆
PDF များ ထကြွသောင်းကျန်းမှု များပြားနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် လက်နက်ကိုင်ငါးဦးက အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး ငွေကျပ် ၁၇ သိန်း၊ ရွှေရှစ်ကျပ်သားနှင့် အိမ်ရှိပစ္စည်းများ လုယက်သွားမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၃၁ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဧမြဝတီရပ်ကွက်ရှိ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေ ၃၀ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာနေ ဦးဆန်းဦး(၄၃)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင်အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး နေအိမ်ရှိ လက်ကိုင်ဖုန်း ငါးလုံး၊ နာရီ တစ်လုံး၊ Laptop တစ်လုံး၊ အလေးချိန် ငါးကျပ်သားခန့်ရှိ ရွှေတုံး တစ်တုံးအပါ ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်း အလေးချိန် ရှစ်ကျပ်သားခန့်နှင့် ငွေ ၁၇ သိန်းကျပ်တို့အား လုယက်ယူဆောင်ကာ ဦးဆန်းဦးအား ကျေးရွာအရှေ့မြောက်ဘက်ရှိ မန္တလေး-မုံရွာရထားလမ်းပေါ်သို့ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ကချင်လက်နက်ကိုင် KIA နှင့် PDF များ ကြီးစိုးသောင်းကျန်းနေသော တိုင်းဒေသကြီးဖြစ်ပြီး လူသတ်မှုများ၊ လုယက်သတ်ဖြတ်မှုများ၊ ပြန်ပေးဆွဲမှုများ များပြားသည့်တိုင်းဒေသကြီးလည်းဖြစ်သလို KIA အနေဖြင့် စစ်ရေးရည်မှန်းချက်အတွက် ကချင်မြေကို မထိခိုက်စေရေး စစ်ကိုင်းတိုင်းကို Buffer Zone အဖြစ် မဟာဗျူဟာစီမံကိန်းချ လုပ်ဆောင်နေသော တိုင်းဒေသကြီးလည်းဖြစ်သည်။
