သတိုး
၂၇. ၅. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ လောင်းဗျူးမြို့ရှိ စက္ကူစက်ရုံတစ်ခုတွင် သစ်ဝါးများကိုပင် ကျေပျက်စေနိုင်သည့် အလွန်တရာတိုက်စားလွယ်သော အရည်များ ဂါလန်တစ်သန်းနီးပါး ဆံ့သည့်ဧရာမ ဓာတုဗေဒကန်ကြီးတစ်ခု အင်္ဂါနေ့ (မေ ၂၆ ရက်) က အတွင်းဘက်သို့ ပေါက်ကွဲ (Implode) ပျက်စီးသွားခဲ့ရာ အနည်းဆုံး အလုပ်သမားတစ်ဦး သေဆုံးပြီး အခြားကိုးဦး ပျောက်ဆုံးလျက်ရှိကာ ၎င်းတို့အား အသက်ရှင်လျက် ကယ်ဆယ်နိုင်မည့် မျှော်လင့်ချက်မရှိတော့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
လောင်းဗျူးမြို့ရှိ Nippon Dynawave Packaging ကုမ္ပဏီတွင် ဖြစ်ပွားခဲ့သော အဆိုပါ ဓာတုဗေဒအရည်များ ဖိတ်စင်မှုကြောင့် အခြားလူကိုးဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“လောလောဆယ်မှာတော့ ထပ်ပြီး ကယ်ဆယ်ဖို့ကျန်နေတဲ့သူ မရှိဘူးလို့ ယူဆရပါတယ်” ဟု ကောင်လစ်ဇ် (Cowlitz) မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် မစ္စတာ စကော့တ် ဂိုးလ်စတိန်း (Scott Goldstein) က အင်္ဂါနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တာဝန်ရှိသူများက လက်ရှိအခြေအနေမှာ ရှာဖွေကယ်ဆယ်ရေးမဟုတ်ဘဲ ရုပ်အလောင်းများ ပြန်လည်ဆယ်ယူရေး လုပ်ငန်းစဉ်အဖြစ်သာ ထပ်ဖန်တလဲလဲ ရည်ညွှန်းပြောဆိုခဲ့ကြသည်။
အဆိုပါ ရုပ်အလောင်းရှာဖွေရေး လုပ်ငန်းများကို ဗုဒ္ဓဟူးနေ့ (မေ ၂၇ ရက်) နံနက်ပိုင်းမှသာ ပြန်လည်စတင်မည်ဖြစ်သည်။ အရေးပေါ်တုံ့ပြန်ဆောင်ရွက်သူများသည် ပြိုကျသွားသည့်ကန်အား ဘေးကင်းအောင် ဦးစွာလုပ်ဆောင်ရန် စီစဉ်ထားပြီး အဆိုပါကန်အတွင်း၌ “White liquor” ဟုခေါ်သည့် ဓာတုဗေဒအရည် ပေါင်းစပ်မှု ဂါလန် ၉၀,၀၀၀ ခန့် (လီတာ ၃၄၀,၀၀၀ ကျော်) ကျန်ရှိနေသေးကြောင်း၊ ထို့နောက်မှသာ ပျောက်ဆုံးနေသူများကို ရှာဖွေမည်ဖြစ်ကြောင်း မစ္စတာ ဂိုးလ်စတိန်း က ပြောသည်။
ဒဏ်ရာရရှိမှု အခြေအနေများမှာ မစိုးရိမ်ရအဆင့်မှ စိုးရိမ်ရအဆင့်အထိ ရှိပြီး အချို့မှာ မီးလောင်ဒဏ်ရာ သို့မဟုတ် ဓာတုဓာတ်ငွေ့ ရှူရှိုက်မိသည့် ဒဏ်ရာများ ရရှိခဲ့ကြကြောင်း အာဏာပိုင်များက ဆိုသည်။ ဒဏ်ရာရသူများထဲတွင် လာရောက်ကူညီသည့် မီးသတ်သမားတစ်ဦးလည်း ပါဝင်သည်။
ကန်အတွင်းမှ ပြင်းထန်သော အယ်လ်ကာလီဓာတ်ပါ အရည်များ ထပ်မံယိုစိမ့်ပြီး ထပ်မံပြိုကျနိုင်သည့် အန္တရာယ်ရှိသောကြောင့် နေ့အလင်းရောင်ရှိမည့် အချိန်များတွင်သာ အလုပ်လုပ်ကြမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“မနက်ဖြန်ကျမှပဲ ဒီကန်ကို ဘယ်လို တည်ငြိမ်အောင် လုပ်မလဲဆိုတာ သိနိုင်မှာပါ။ ကန်ထဲက ပစ္စည်းတွေကို အရင်ထုတ်မလား၊ ဒါမှမဟုတ် ကန်ကို အရင်ဆုံး ထိန်းမလားဆိုတာ စဉ်းစားရမှာပါ” ဟု မစ္စတာ ဂိုးလ်စတိန်းက ဆိုသည်။ အများပြည်သူအတွက်မူ အန္တရာယ်ရှိသည့် ခြိမ်းခြောက်မှုမျိုး မရှိကြောင်း အာဏာပိုင်များက ပြောသည်။
◾️ သတင်းအချက်အလက် ထပ်မံရရှိရန် မိသားစုများနှင့် လူထုက စောင့်ဆိုင်းနေ
အင်္ဂါနေ့ညက ပြုလုပ်ခဲ့သော ဒေသခံများ၏ ဆုတောင်းပွဲတွင် လူပေါင်းများစွာသည် ဒေသခံပန်းခြံတစ်ခု၌ စုဝေးကာ ဖယောင်းတိုင်များထွန်းညှိ၍ မျက်ရည်ကျနေကြသော မိသားစုဝင်များကို ဖက်လှဲတကင်း အားပေးခဲ့ကြသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ လောင်းဗျူးဒေသခံ မစ္စ ခရစ္စတယ် မိုလ်ဒန်ဟောင်ဝါ (Crystal Moldenhauer) က သူမ၏ သူငယ်ချင်းအချို့သည် အဆိုပါစက်ရုံတွင် အလုပ်လုပ်နေပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောသည်။ လူအများက ဘာဖြစ်သွားသလဲဆိုသည်ကို သိရှိနိုင်ရန် တစ်ဦးနှင့်တစ်ဦး ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျပို့ခြင်းများဖြင့် တစ်နေ့တာလုံး စိတ်ဖိစီးမှုများ ကြုံတွေ့ခဲ့ရပုံကို သူမက ရှင်းပြခဲ့သည်။
“ကျွန်မတို့အားလုံး အဖြေကို စောင့်နေကြတုန်းပါ။ မိသားစုတချို့ ကွဲကွာသွားခဲ့ရပြီ၊ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကို ကျွန်မတို့ မသိရသေးဘူး”ဟု သူမက ဆိုသည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် ၎င်းတို့၏ သားနှစ်ဦး အဆိုပါစက်ရုံ၌ အလုပ်လုပ်နေကြောင်း ပြောဆိုကာ စိတ်မကောင်းဖြစ်နေသည့် မိဘနှစ်ဦးက ၎င်းတို့ထံ မည်သူမျှ ဆက်သွယ်လာခြင်းမရှိဟု ကြားဖြတ်ပြောဆိုခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဘော့ဘ် ဖာဂူဆန် (Bob Ferguson)၊ အထက်လွှတ်တော်အမတ် မစ္စ ပက်တီ မာရေး (Patty Murray) နှင့် အောက်လွှတ်တော်အမတ် မစ္စ မာရီ ဂလူးဆန်ကန့်ပ် ပီရက်ဇ် (Marie Gluesenkamp Perez) တို့ တက်ရောက် စကားပြောကြားခဲ့သော်လည်း ကုမ္ပဏီဘက်မှ တစ်စုံတစ်ဦးမျှ သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ပြောဆိုခြင်း မရှိခဲ့ပေ။
အင်္ဂါနေ့အစောပိုင်းက ကုမ္ပဏီ၏ ဧည့်သည်ဝင်ပေါက်တွင် အချို့သူများသည် မိသားစုဝင်များ၏ သတင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။ ၎င်းတို့က အေပီသတင်းထောက်အား မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ အနီးနားရှိ အလုပ်သမားသမဂ္ဂရုံးခန်းကို မိသားစုကူညီရေးစင်တာအဖြစ် ဖွင့်လှစ်ထားရာ အမျိုးသမီးသုံးဦး မျက်ရည်စက်လက်ဖြင့် ဖက်လှဲတကင်းဖြစ်ပြီးနောက် အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ အဝင်အထွက်လုပ်နေသူ အခြားသူများလည်း မျက်ရည်ကျနေကြသည်ကို တွေ့ရသည်။
◾️ လူထုအတွက် အချက်အချာကျသော စက်ရုံ
Nippon Dynawave Packaging Co. စက်ရုံသည် လူဦးရေ ၃၈,၀၀၀ ခန့်ရှိသော လောင်းဗျူးမြို့ရှိ ကိုလံဘီယာမြစ်ကမ်းဘေးတွင် တည်ရှိသည့် သစ်ပျော့ဖတ်၊ စက္ကူနှင့် အရည်ထုပ်ပိုးမှုလုပ်ငန်း စက်ရုံတစ်ခုဖြစ်သည်။ ယင်းမြို့သည် ၁၉၂၀ ပြည့်လွန်နှစ်များက ကန်းဆက်စီးတီးမှ သစ်ကုန်သည်ကြီးတစ်ဦး စတင်တည်ထောင်ခဲ့ကတည်းက စက္ကူနှင့် သစ်လုပ်ငန်းများနှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့သည်။
အဆိုပါစက်ရုံကို ၁၉၅၃ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိတွင် ဝန်ထမ်း ၁,၀၀၀ ခန့်အား အလုပ်အကိုင်ပေးထားကာ တစ်ရှူးများ၊ ပုံနှိပ်စက္ကူများ၊ ခွက်များ၊ ပန်းကန်များ၊ ကတ်ထူဗူးများနှင့် အခြားကုန်ပစ္စည်းများအတွက် ကုန်ကြမ်းများကို ထုတ်လုပ်သည်။ ၎င်းသည် အခြားသစ်လုပ်ငန်း၊ စက္ကူနှင့် ဓာတုဗေဒလုပ်ငန်းများ တည်ရှိရာ စက်မှုဇုန်တွင် တည်ရှိပြီး လူထုအတွက် အဓိကအချက်အချာကျသော နေရာဖြစ်သည်။
“ဒီက ကယ်ဆယ်ရေးသမားတွေမှာလည်း အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ ရှိကြပါတယ်” ဟု မီးသတ်ခေါင်းဆောင် မစ္စတာ စကော့တ် ဂိုးလ်စတိန်းက ပြောသည်။ “ဒါဟာ တကယ့်ကို ထိခိုက်မှုကြီးမားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပြီး အလုပ်သမားတွေနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်သူတွေကို ကူညီပံ့ပိုးပေးဖို့ ကွန်ရက်တွေ ပြင်ဆင်ထားပါတယ်” ဟု ဆိုသည်။
အစောပိုင်းက အာဏာပိုင်များက အဆိုပါကန်သည် ဂါလန် ၈၀,၀၀၀ (လီတာ ၃၀၃,၀၀၀) ဆံ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုကန်သည် “white liquor” ဂါလန် ၉၀၀,၀၀၀ ခန့် (၃ ဒသမ ၄ သန်းလီတာ) အထိ သိုလှောင်ထားကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ ယင်းပမာဏမှာ ပုံမှန် အိုလံပစ်စံချိန်မီ ရေကူးကန်တစ်ခုခွဲစာကို အပြည့်ဖြည့်နိုင်လောက်သည့် ပမာဏဖြစ်သည်။ ဆိုဒီယမ် ဟိုက်ဒရောဆိုက် (Sodium hydroxide) နှင့် ဆိုဒီယမ် ဆာလဖိုက် (Sodium sulfide) တို့ အဓိကပါဝင်သည့် အဆိုပါအရည်ကို သစ်သားများခြေဖျက်ပြီး ထုပ်ပိုးပုံးများနှင့် ဈေးဝယ်အိတ်များတွင် အသုံးပြုသည့် ခိုင်ခံ့သော Kraft စက္ကူများ ထုတ်လုပ်ရန် အပူပေးသည့်နေရာတွင် အသုံးပြုသည်။
◾️ ပေါက်ကွဲမှု၏ အကြောင်းရင်းကို မသိရသေး
အတွင်းဘက်သို့ ပေါက်ကွဲရသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန် စောလွန်းသေးကြောင်း မစ္စတာ ဂိုးလ်စတိန်း က ပြောသည်။
ကန်ကျိုးပေါက်သွားပြီးနောက် အဆိုပါ “White liquor” အရည်များသည် ရေနုတ်မြောင်းထဲသို့ စီးဝင်သွားခဲ့ကြောင်း ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စ ဗြစ်တနီ ဂွတ်ဒ်ဆဲလ် (Brittny Goodsell) က ပြောကြားခဲ့ပြီး ၎င်းတို့ဌာနအနေဖြင့် သက်ရောက်မှုများကို အကဲဖြတ်ရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားသည်။
“ဒါတွေ ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းတွေအများကြီးရှိနေတာကို ကျွန်မသိပါတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုရဖို့ ကျွန်မတို့ ဆက်ပြီး ဖိအားပေးသွားမယ်ဆိုတာ သေချာပါတယ်” ဟု အထက်လွှတ်တော်အမတ် မစ္စ မာရေးက အင်္ဂါနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခုပေါက်ကွဲမှုသည် လေကြောင်းနှင့် အာကာသဆိုင်ရာ စက်ရုံတစ်ခုတွင် ဓာတုဗေဒကန်တစ်ခု ပျက်စီးမှုကြောင့် ကာလီဖိုးနီးယားတောင်ပိုင်းရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရဆဲ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ကာလီဖိုးနီးယားရှိ ရွှေ့ပြောင်းမိန့်များကိုမူ အင်္ဂါနေ့ညတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး တရားမျှတမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ကွန်ရက်တစ်ခုက ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် စာတမ်းတစ်ခုအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလလယ်အထိ အန္တရာယ်ရှိသော ဓာတုဗေဒဖြစ်စဉ်များကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
Ref : AP




