၂၇.၅.၂၀၂၆
Translated by Htwe Ko Tun
မြောက်ကိုရီးယားသည် နည်းဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးကျည်များ၊ အမြောက်နှင့် တိကျသော ခရုဇ်ဒုံးကျည်များအား မေလ ၂၆ ရက်က ရောနှောစမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားက ၎င်း၏လက်နက်ခဲယမ်းအင်အားကို ပုံမှန် အဆင့်မြှင့်တင်လျက်ရှိကြောင်းလည်း သိရသည်။
မြောက်ကိုရီးယားအစိုးရက ဘက်စုံသုံး ဒုံးကျည်ပစ်လွှတ်မှုစနစ်အသစ်နှင့် နည်းဗျူဟာမြောက် ခရုဇ်ဒုံးကျည်စနစ်ကို စမ်းသပ်ခဲ့ကြောင်း မေလ ၂၇ ရက်တွင် ပြောကြားခဲ့ရာ မြောက်ကိုရီးဟားအစိုးရ၏ နည်းဗျူဟာနှင့် သမားရိုးကျလက်နက်အင်အားကို ပုံမှန်အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှုများအား မီးမောင်းထိုးပြသကဲ့သို့ ရှိခဲ့သည်။
စမ်းသပ်မှုများကို နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအွန်မှ ကြီးကြပ်ခဲ့ကြောင်း KCNA က ပြောကြားခဲ့သည်။
KCNA က ပစ်ခတ်မှုတွင် နည်းဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးကျည်များတွင် အထူးထိပ်ဖူး တပ်ဆင်ထားမှု၏စွမ်းအား၊ တာဝေးပစ်ဘက်စုံသုံး ဒုံးကျည်များ၏ ယုံကြည်စိတ်ချရမှုနှင့်ဉာဏ်ရည်တုနည်းပညာသုံးနည်းဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ၏ တိကျမှုကို အကဲဖြတ်ခဲ့ကြကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။
တောင်ကိုရီးယားစစ်တပ်က စမ်းသပ်မှုများနှင့်ပတ်သက်၍ သတင်းပို့အစီရင်ခံခဲ့ပြီး မြောက်ကိုရီးယားက ၎င်း၏ အနောက်ဘက်ကမ်းရိုးတန်းမှ တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် ဒုံးကျည်များစွာကို မေလ ၂၆ ရက်တွင် ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားက ဒုံးကျည်များသည် ကီလိုမီတာ ၈၀ (မိုင် ၅၀) ခန့် အဝေးရှိပစ်မှတ်များကို ပျံသန်းပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကင်မ်က အဓိကလက်နက်စနစ်များသည် ကျွန်ုပ်တို့၏စစ်အင်အားအဆင့်မြှင့်တင်မှု၏ ရှင်းလင်းသော လက္ခဏာတစ်ခုဖြစ်ပြီး ကြီးမားသောနည်းပညာတိုးတက်မှုကိုပြသသည့်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်ဟု KCNA က ၎င်း၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
Ref: KCNA
