



၂၅.၅.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်၊ ၈၇ လမ်း၊ ၁၀ လမ်း× ၁၁ လမ်းကြားရှိ စက်ဘီးဟောင်းအရောင်းဆိုင်ဖွင့်လှစ်ထားသော နေအိမ်တွင် ရေခဲသေတ္တာသို့ သွယ်တန်းထားသော မီးပလပ်ခုံအပူလွန်ကဲရာမှ နေအိမ် ရှစ်လုံး မီးလောင်ဆုံးရှုံးမှု မေလ ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
သွပ်မိုး၊ ပျဥ်ခင်းနှစ်ထပ်နေအိမ်၏ အောက်ထပ်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး မီးစတင်လောင်သောနေအိမ် တစ်လုံးအပါအဝင် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နှစ်ထပ်လူနေအိမ် နှစ်လုံး၊ သွပ်မိုး၊ နံကပ်၊ ပျဥ်ခင်း နှစ်ထပ်အိမ် နှစ်လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း တစ်ထပ်အိမ် တစ်လုံးနှင့် သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်း နှစ်ထပ်လူနေအိမ်အပေါ်ထပ် စုစုပေါင်း လူနေအိမ် ရှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“အိမ်အောက်ထပ်က ရေခဲသေတ္တာကို သွယ်ပြီးသုံးတဲ့ မီးပလပ်ခုံအပူလွန်ပြီး အောက်မှာရှိတဲ့ စက်ဘီးဖင်ထိုင်ခုံတွေကို မီးကူးပြီးလောင်ကျွမ်းတာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။
၂၅ မိနစ်ခန့်ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂၀ စီး၊ ရေသယ်ယာဥ် ၁၀ စီး၊အုပ်ချုပ်မှုယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၈၀ ခန့်ဖြင့် Level – 2 အဆင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်ရှစ်လုံးမီးလောင်မှုကြောင့် အိမ်ထောင်စု ရှစ်စု၊လူဦးရေ ၂၅ ဦးမှာ ညောင်ကွဲရပ်ကွက်၊ ရတနာရွှေဂူဘုရားဝင်းရှိ ရန်ရှင်းဓမ္မာရုံတွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
နေအိမ်များ မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၆၅ နှစ်အရွယ် အဘိုးအိုကို အမှတ် (၄)နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
