သက်တံ့
၂၅ . ၅. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်ရှိ ကာရာအိုကေ (Karaoke) ဆိုင်တစ်ဆိုင်မှ အလွန်တရာဆူညံသံများ ထွက်ပေါ်နေခြင်းအပေါ် ဒေသခံများက တိုင်ကြားခဲ့သဖြင့် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ တရားဝင်အလုပ်ရှင်အမည် ပြောင်းလဲမှတ်ပုံတင်ထားခြင်းမရှိဘဲ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းစီးနင်းမှု စစ်ဆင်ရေးကို ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ (Tourist Police Division 2) မှ ရဲဗိုလ်ချုပ် အိုလန် အီယမ်ပရာဖတ် (Olan Iampraphat) နှင့် ရဲမှူးကြီး ဖိစာနု ထရီယံဒီ (Phisanu Triamdee) တို့က ဦးဆောင်ခဲ့ပြီး၊ ရဲမှူး အာဗီရွတ် ဆွတ်ယမ်း (Avirut Sookyaem) နှင့် ချန်ဖုအတ် (Chang Phueak) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်တွင် အဆိုပါဆိုင်၌ ဂီတပညာရှင်များနှင့် ဆိုင်ဝန်ထမ်းများအဖြစ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၂ ဦးကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့ထံတွင် တရားဝင် အလုပ်သမားခွင့်ပြုကတ် (Work Permit) များ ရှိကြသော်လည်း စာရွက်စာတမ်းပါ အလုပ်ရှင်အမည်နှင့် လက်ရှိအလုပ်ခိုင်းစေနေသည့် အလုပ်ရှင်အစစ်အမှန်တို့မှာ ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ သို့ဖြစ်၍ ၎င်းတို့ ၁၂ ဦးစလုံးကို အလုပ်စတင်လုပ်ကိုင်ပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ အလုပ်ခန့်ထားမှုအသေးစိတ်ကို အကြောင်းကြားရန် ပျက်ကွက်မှုဖြင့် နိုင်ငံခြားသားလုပ်သားများဆိုင်ရာ အမိန့်ဒီကရီဥပဒေအရ အရေးယူတရားစွဲဆိုခဲ့သည်။
၎င်းနေရာသည် မြန်မာရွှေ့ပြောင်းလုပ်သားများ အစုအဝေးလိုက် လာရောက်ဆုံဆည်းရာ နေရာတစ်ခုဖြစ်လာပြီး ပတ်ဝန်းကျင်ကို ဆူညံသံများဖြင့် နှောင့်ယှက်နေကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ကနဦး စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ ကာရာအိုကေဘားသည် ပြီးခဲ့သည့် သင်္ကြန်ပွဲတော် (Songkran) ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံသားများနှင့် မြန်မာလုပ်သားအုပ်စုများကို ပစ်မှတ်ထား ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကာ ဆိုင်ကိုမူ ထိုင်းနိုင်ငံသား မန်နေဂျာတစ်ဦးက ကြီးကြပ်လည်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ မြန်မာလုပ်သား ၁၂ ဦးကို ဥပဒေအရ အရေးယူနိုင်ရန် ချန်ဖုအတ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး၊ ရဲတပ်ဖွဲ့အနေဖြင့် ၎င်းလုပ်ငန်း၏ နောက်ကွယ်မှ အမှန်တကယ် ပိုင်ရှင်နှင့် ငွေကြေးထောက်ပံ့သူများကို ဖော်ထုတ်နိုင်ရန် ငွေကြေးစီးဆင်းမှု (Financial Transactions) များကို ဆက်လက်ခြေရာခံ စုံစမ်းနေကြောင်း KhaoSod သတင်းတွင် ဖော်ပြထားသည်။
Ref: The Thaiger
