သက်တံ့
၂၅ . ၅. ၂၀၂၆
ထိုင်းနိုင်ငံရှိ အစိုးရဌာနတစ်ခု၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page) သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သာမန်မဟုတ်သော Live လွှင့် လိင်ဆက်ဆံပြသည့် Sex Livestream) တစ်ခုကို ဝင်ရောက်ကြည့်ရှုသူစာရင်းတွင် ပါဝင်နေခဲ့သည့် ဖြစ်စဉ်တစ်ခု ပြီးခဲ့သည့် ပိတ်ရက်အတွင်း ထိုင်းလူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်ဆွေးနွေးစရာ ဖြစ်ရပ်တစ်ခုအဖြစ် ရေပန်းစားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က ချက်ချင်းတရားဝင် ပြန်လည်ရှင်းလင်းခဲ့ရသလို၊ ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ကလည်း ၎င်းညစ်ညမ်းဗီဒီယို ထုတ်လွှင့်သူများကို အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
◾️ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နောက်ခံ
ပြီးခဲ့သည့် မေလ ၂၃ ရက် (စနေနေ့) ညပိုင်းက ဖေ့စ်ဘွတ်ခ်ပေါ်ရှိ အမည်မသိစာမျက်နှာ (Anonymous Pages) အမြောက်အမြားက ဆင်ဆာဖြတ်တောက်ထားခြင်းမရှိသည့် ညစ်ညမ်းဗီဒီယိုများကို တပြိုင်နက်တည်း တိုက်ရိုက်ထုတ်လွှင့် (Live) ခဲ့ကြရာ စူးစမ်းလိုစိတ်ရှိသည့် အွန်လိုင်းအသုံးပြုသူ အများအပြား ဝင်ရောက်ကြည့်ရှုခဲ့ကြသဖြင့် အဆိုပါ Live ဗီဒီယိုမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။
ထိုသို့ ပျံ့နှံ့နေစဉ်အတွင်း ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုနေကြသည့် စာရင်း၌ အပြာရောင်အမှန်ခြစ် (Verified) ရရှိထားသော လူသိများသည့် ပေ့ချ်များနှင့် အနုပညာရှင်များ၏ အကောင့်များ ပေါ်ထွက်နေခဲ့သည်။ ထိုအထဲတွင် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ (Department of Disease Control) ပါဝင်နေသည်ကို အသုံးပြုသူများက Screenshot ရိုက်ယူကာ အွန်လိုင်းပေါ်တွင် ထပ်ဆင့်မျှဝေခဲ့ကြသဖြင့် ဝေဖန်မှုများ ပေါက်ကွဲထွက်လာခဲ့သည်။
ဗီဒီယိုအတွင်း၌ “ရောဂါထိန်းချုပ်ရေးဦးစီးဌာနသည် သင်နှင့်အတူ ဝင်ရောက်ကြည့်ရှုနေပါသည်” ဟူသော Notification စာတန်း ပေါ်ထွက်လာမှုကြောင့် အွန်လိုင်းအသုံးပြုသူများက အဆိုပါ စာမျက်နှာအက်ဒမင် (Page Administrator) အား ရည်ညွှန်း၍ မှတ်ချက် (Comment) ကဏ္ဍတွင် သရော်စာများဖြင့် ဝိုင်းဝန်းရေးသားခဲ့ကြသည်။

◾️ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ၏ တုံ့ပြန်ရှင်းလင်းချက်
ယင်းသို့ ဝေဖန်မှု အရှိန်မြင့်လာချိန်တွင် စာမျက်နှာအက်ဒမင်က မေလ ၂၃ ရက် ညတွင်းချင်းပင် မှတ်ချက်ကဏ္ဍ၌ ပြန်လည်တုံ့ပြန်ခဲ့ရာတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မှုလင့်ခ် (Link) ကို ဌာန၏ Chat box သို့ ပေးပို့လာပြီး ကလေးသူငယ်များအတွက် မသင့်လျော်သော ညစ်ညမ်းအကြောင်းအရာများ ပါဝင်နေနိုင်သဖြင့် စစ်ဆေးပေးရန် တောင်းဆိုလာခဲ့ခြင်းကြောင့် ဝင်ရောက်ကြည့်ရှုမိခြင်းဖြစ်သည်ဟု ဆိုသည်။ အက်ဒမင်အနေဖြင့် ၎င်းဗီဒီယိုသည် အမှန်တကယ် မသင့်လျော်သောအကြောင်းအရာဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ချက်ချင်းပြန်လည်ထွက်ခွာခဲ့ပြီး Facebook ၏ စနစ်မှတစ်ဆင့် အစီရင်ခံတိုင်ကြား (Report) ခဲ့ကြောင်း ရှင်းလင်းခဲ့သည်။
ထို့အပြင် ၎င်းအက်ဒမင်က “မင်္ဂလာပါ။ ခရီးသွားတစ်ဦးက ကျွန်ုပ်တို့ထံ လင့်ခ်ပေးပို့လာလို့ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိမှာ အစီရင်ခံတိုင်ကြားထားပြီးဖြစ်လို့ တောင်းပန်အပ်ပါတယ်” ဟု ရေးသားကာ၊ ဘေးကင်းစိတ်ချရသော လိင်မှုကိစ္စဆိုင်ရာ အလေ့အထများ ရှိစေရန်အတွက် ကွန်ဒုံးအသုံးပြုနည်းလမ်းညွှန် ဗီဒီယိုဖိုင်တစ်ခုနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်ရေး သတင်းအချက်အလက်များကိုပါ မှတ်ချက်ကဏ္ဍတွင် ထည့်သွင်းပေးခဲ့သည်။
ဝေဖန်မှုများ ဆက်လက်ရှိနေခဲ့သဖြင့် အဆိုပါ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုမိုရှင်းလင်းစေရန် မေလ ၂၄ ရက် (တနင်္ဂနွေနေ့) တွင် တရားဝင် ထုတ်ပြန်ချက်တစ်ရပ် ထပ်မံထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် သတင်းစကား လက်ခံရရှိချိန်၌ အက်ဒမင်သည် အီဘိုလာ (Ebola) ရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေး အသိပညာပေးအကြောင်းအရာများနှင့် လေဆိပ်များတွင် ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ သတင်းအချက်အလက်များကို ရေးသားပြင်ဆင်နေချိန်ဖြစ်ကြောင်း၊ သတင်းမှန်ကန်မှု ရှိ၊ မရှိ ခေတ္တမျှသာ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်ကြည့်ရှုနေခဲ့ခြင်း လုံးဝမရှိကြောင်းနှင့် နောင်တွင် အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် အစိုးရတရားဝင် လူမှုကွန်ရက်အကောင့်များ အသုံးပြုမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

◾️ ဆိုက်ဘာရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် ပြင်းထန်သော သတိပေးချက်
မေလ ၂၄ ရက်နေ့တွင် ထိုင်းဆိုက်ဘာစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) က ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဆိုက်ဘာရဲတပ်ဖွဲ့ ဒုတိယမင်းကြီး ရဲဗိုလ်ချုပ် ချက်ဖန်သကန် ကလိုက်လွန်းက နည်းပညာပြစ်မှုနှိမ်နင်းရေးဌာနခွဲကို မူရင်း URL များ၊ ပေ့ချ်ပိုင်ရှင်များနှင့် ဗီဒီယိုဖိုင်အတွင်းပါဝင်သူများကို စုံစမ်းဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါ ညစ်ညမ်း Live လွှင့်ခဲ့သည့် ပေ့ချ်များကို Facebook ပေါ်မှ ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း ဆိုက်ဘာရဲတပ်ဖွဲ့က သက်သေအထောက်အထားများ ဆက်လက်စုဆောင်းနေဆဲဖြစ်သည်။ အကယ်၍ ဗီဒီယိုပိုင်ရှင် သို့မဟုတ် ပါဝင်သူများသည် ထိုင်းနိုင်ငံသားများဖြစ်ပါက သို့မဟုတ် ထိုင်းနိုင်ငံအတွင်း ရှိနေပါက ကွန်ပျူတာအက်ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။ ထို့အပြင် Facebook Thailand နှင့်လည်း ချိတ်ဆက်ကာ အဆိုပါ ညစ်ညမ်းဗီဒီယိုများ လူမှုကွန်ရက်ပေါ်တွင် မည်ကဲ့သို့ အလွယ်တကူ ပျံ့နှံ့သွားခဲ့သည်ကို စစ်ဆေးသွားမည် ဖြစ်သည်။
ရဲတပ်ဖွဲ့က အများပြည်သူသို့ သတိပေးနှိုးဆော်ရာတွင် အွန်လိုင်းပေါ်ရှိ ညစ်ညမ်းအကြောင်းအရာများကို ကြည့်ရှုခြင်း၊ သဘောကျခြင်း (Like)၊ မျှဝေခြင်း (Share) သို့မဟုတ် ထပ်ဆင့်ဖြန့်ဝေခြင်းများသည် ထိုင်းနိုင်ငံ ကွန်ပျူတာအက်ဥပဒေ (Computer Crime Act) ပုဒ်မ ၁၄(၁)၊ ၁၄(၄) နှင့် ၁၄(၅) တို့ကို ချိုးဖောက်ရာရောက်ပြီး၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၀၀,၀၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သတိပေးထားသည်။
Ref: The Thaiger / CH3 / Siam News
