


၂၅.၅.၂၀၂၆
Written by KL
ထိုင်းနိုင်ငံ၊ လယောင်မြို့တွင် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဆိုင်ကယ်နှင့် လိုက်ပါလာစဥ် ထိုင်းနိုင်ငံသားမောင်းနှင်လာသော မော်တော်ယာဥ်က ဝင်တိုက်ရာမှ ယာဥ်တိုက်မှုဖြစ်အပြီး သုံးရက်အကြာ မေလ ၂၃ ရက်တွင် သေဆုံးသွားခဲဲဲ့ကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့် အလုပ်သမားမဟာမိတ်အဖွဲ့ WAG ထံမှ သိရသည်။
လယောင်မြို့ ဇွန်း၊ ခက်ရင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား အသက် ၃၂ နှစ်အရွယ် မခင်မြနိုင်ဦးမှာ စက်ရုံမှ ညဆိုင်းလုပ်ကိုင်ပြီး အိမ်အပြန် မေလ ၂၀ ရက် နံနက်ပိုင်းက ၎င်း၏ သူငယ်ချင်းဆိုင်ကယ်နှင့် နောက်မှ စီးနင်းလိုက်ပါခဲ့ရာ လမ်းခုလတ်၌ ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသော မော်တော်ယာဥ်က အနောက်မှ ဝင်တိုက်ခဲ့ရာ ဦးခေါင်းထိခိုက်ဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သော မြန်မာအလုပ်သမား အမျိုးသမီးကို လယောင်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သော်လည်း ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ပွားပြီး မေလ ၂၃ ရက် နံနက် ၆ နာရီတွင် သေဆုံးခဲ့သည်။
သေဆုံးသူ မခင်မြနိုင်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီး၏မိသားစုဝင်များက သေမှုသေခင်းနှင့်ပတ်သက်ပြီး နစ်နာကြေး ရရှိရန် လုပ်ဆောင်ရသည်များကို မသိရှိသောကြောင့် အကူအညီတောင်းခံသဖြင့် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)ထံမှ သိရသည်။
