သက်တံ့
၂၅. ၅. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မဟာရက်ရှ်ထရာ (Maharashtra) ပြည်နယ်၊ ရိုင်ဂတ် (Raigad) ခရိုင်အတွင်း ကွန်ကန် (Konkan) ဒေသမှ ဆာတာရာ (Satara) သို့ မောင်းနှင်လာသည့် ခရီးသွားမော်တော်ယာဉ်တစ်စီး ဝမ်းနည်းဖွယ်ရာ တိမ်းမှောက်မှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယခုထုတ်ပြန်ပြောကြားသည်။ ပြုတ်ကျသည့် ချောက်သည် မတ်စောက်ပြီး မြေမျက်နှာသွင်ပြင် ကြမ်းတမ်းခက်ခဲမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့များ အခက်အခဲကြုံတွေ့နေရသော်လည်း လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ လူရှစ်ဦးလိုက်ပါလာသော SUV မော်တော်ယာဉ်သည် မောင်းနှင်နေစဉ် ထိန်းချုပ်မှုလွတ်သွားကာ ရိုင်ဂတ်ခရိုင်ရှိ တောင်ကုန်းထူထပ်သော အမ်ဘီနာလီ (Ambenali Ghat) တောင်ကြားလမ်း၏ ပေ ၁,၀၀၀ ခန့် (အချို့သတင်းရင်းမြစ်များအရ ပေ ၁,၅၀၀ ခန့်) နက်ရှိုင်းသော ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဟာရက်ရှ်ထရာပြည်နယ် ဝန်ကြီးချုပ် ဒီဗင်ဒရာ ဖတ်ဒ်နာဗစ် (Devendra Fadnavis) က လူမှုကွန်ရက် (X) စာမျက်နှာမှတစ်ဆင့် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ရာတွင် – “ရိုင်ဂတ်ခရိုင် အမ်ဘီနာလီတောင်ကြားလမ်းမှာ လူ ၈ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ သေဆုံးမှုဖြစ်စဉ်အတွက် အထူးပဲ နှလုံးကြေကွဲရပါတယ်။ သေဆုံးသူတွေအတွက် နှစ်နှစ်ကာကာ ဝမ်းနည်းရသလို မိသားစုဝင်တွေနဲ့လည်း ထပ်တူထပ်မျှ ကြေကွဲရပါတယ်” ဟု ရေးသားထားသည်။
၎င်းက ဆက်လက်၍ “အဆိုပါ သူငယ်ချင်း ၈ ဦးဟာ ခရီးထွက်လာကြစဉ် မော်တော်ယာဉ်က ပေ ၁,၅၀၀ နက်တဲ့ ချောက်ထဲ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရုပ်အလောင်းတွေဟာ နေရာအနှံ့ လွင့်စင်ပျံ့နှံ့နေပါတယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က လူ ၇ ဦးစီပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ ၅ ဖွဲ့ ဖွဲ့စည်းပြီး အရေးပေါ် ရှာဖွေရေးလုပ်ငန်းတွေ ချက်ချင်းစတင်ခဲ့ပါတယ်။ လက်ရှိမှာ ရုပ်အလောင်း ၃ လောင်းကို ဆယ်ယူရရှိထားပြီး ကျန်ရှိတဲ့ ရုပ်အလောင်းတွေကိုလည်း အမြန်ဆုံး ဆယ်ယူနိုင်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) အပြင် ဒေသခံ ပရဟိတအသင်းအဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ သေဆုံးသူတွေထဲက ၁ ဦးဟာ ရတနာဂီရိ (Ratnagiri) ခရိုင်ကဖြစ်ပြီး ကျန် ၇ ဦးကတော့ ဆာတာရာ (Satara) ခရိုင်က ဖြစ်ကြပါတယ်” ဟု ဖြည့်စွက်ပြောကြားသည်။
ရဲတပ်ဖွဲ့၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာ၌ ကြိုးများနှင့် အထူးကယ်ဆယ်ရေးပစ္စည်းများကို အသုံးပြုကာ ချောက်အတွင်းသို့ ဆင်း၍ ရှာဖွေနေကြသော်လည်း ချောက်နက်လွန်းသဖြင့် အတားအဆီးများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိသည်။
Ref: Times of India / Indian Media News
