သတိုး
၂၅. ၅. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီး ဘန်ဒါဘန်ခရိုင်၊ နိုင်ခေါင်ဆာရီမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် မေလ ၂၄ ရက် (တနင်္ဂနွေနေ့) နံနက်ပိုင်းက နိုင်ခေါင်ဆာရီမြို့နယ်၊ ဂမ်ဒမ်ကျေးရွာအုပ်စုအတွင်းရှိ ဘာလူကီယာပါရာ (Bhalukia Para) နယ်ခြားမှတ်တိုင်အမှတ် ၄၂ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ရာမူ (Ramu) စစ်ဒေသမှူး မိုဟီယွတ်ဒင် အာမက်ဒ် (Mohiuddin Ahmed) နှင့် နိုင်ခေါင်ဆာရီ ရဲစခန်းမှူး မိုဇမ်မဲလ် ဟာခ် (Mozammel Haque) တို့က အတည်ပြုပြောကြားသည်။
သေဆုံးသူ ၃ ဦးစလုံးမှာ ဘာလူကီယာပါရာ ကျေးရွာတွင် နေထိုင်သည့် ဒေသခံတိုင်းရင်းသားများဖြစ်ကြပြီး ၎င်းတို့၏ အမည်များကို ကနဦး သတင်းထုတ်ပြန်ချက်များတွင် အာကျာမုန် တန်ချန်ဂျာ (အသက် ၄၀)၊ ချင်ရှောင် ချက္ကမား (အသက် ၃၄) နှင့် ချိုပိုချင် ချက္ကမား (အသက် ၃၂) ဟု ဖော်ပြထားသည်။ (အချို့သော သတင်းရင်းမြစ်များတွင် လီသာအိုင်ယာ ချက္ကမား (အသက် ၄၁)၊ အောင်ကျေမုန် (အသက် ၅၀) နှင့် ချင်းကျေအောင် (အသက် ၄၀) ဟုလည်း ဖော်ပြကြသည်။)

ဒေသခံများ၏ ပြောပြချက်အရ သေဆုံးသူ ၃ ဦးသည် နယ်စပ်အနီး တောင်ကုန်းပေါ်ရှိ ၎င်းတို့၏ ငှက်ပျောစိုက်ခင်း (သီးနှံစိုက်ခင်း) အတွင်း အလုပ်လုပ်နေစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပထမ မိုင်းပေါက်ကွဲမှုကြောင့် စိုက်ခင်းအတွင်းရှိ အာကျာမုန်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်ရှိသည့် အဖော် ၂ ဦးက ၎င်းအား သွားရောက်ကူညီ ကယ်ဆယ်ရန် ကြိုးပမ်းစဉ် နောက်ထပ် မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့ခြင်းကြောင့် ၎င်းတို့ ၂ ဦးပါ ထပ်မံသေဆုံးခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ဘီမဲလ် တန်ချန်ဂျာက ဘင်္ဂါလီလက်နက်ကိုင် ARSA အဖွဲ့ဝင်များသည် ယင်းနယ်စပ်ဒေသတလျှောက် မကြာခဏ သွားလာလှုပ်ရှားလေ့ရှိပြီး ဒေသခံများ၏ စိုက်ခင်းများအတွင်း ခိုအောင်းလေ့ရှိကြောင်း စွပ်စွဲပြောဆိုထားသလို အခြားဒေသခံအချို့ကလည်း အဆိုပါမြေမြှုပ်မိုင်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ရခိုင်ပြည်နယ်အတွင်း နယ်မြေယာယီစိုးမိုးထားသည့် ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA က ထောင်ထားခြင်းဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိနေသည်။
သို့သော်လည်း နိုင်ခေါင်ဆာရီ မြို့နယ်အုပ်ချုပ်ရေးမှူး (UNO) အီနမ်မူး ဟာဆန်က “ကနဦးရရှိတဲ့ အချက်အလက်တွေအရ ဒီပေါက်ကွဲမှုဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က ဘယ်သူ့နယ်မြေမှမဟုတ်တဲ့ နယ်ခြားမျဉ်း (No-man’s-land) ထဲမှာ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ ဒီမိုင်းတွေကို ဘယ်အဖွဲ့အစည်းက ထောင်ထားသလဲဆိုတာကိုတော့ လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး” ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့သည် သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူနိုင်ရန်နှင့် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref: Dhaka Stream & The Daily Star

