၂၅.၅.၂၀၂၆
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းရဲ့ ယနေ့ မေလ ၂၅ ရက်မှာ ကျရောက်တဲ့ အသက် ၄၉ နှစ်ပြည့်မွေးနေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဆီမီး (၁၀၀၀၀) ကို ထွန်းညှိပူဇော်သွားမယ်လို့ ဆိုပါတယ်။
“ဒီနေ့ ကျွန်တော့်မွေးနေ့မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ညနေ ၆ နာရီကို ဆီမီး (၁၀၀၀၀) ထွန်းညှိပူဇော်ပါမယ်ခင်ဗျာ။ ကျွန်တော့်ကိုချစ်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ၊ သူငယ်ချင်းတွေနဲ့ ကျွန်တော့် ပရိသတ်တွေနဲ့ ခုနစ်ရက်သားသမီး မည်သူမဆို လာရောက် မီးညှိပူဇော်ဖို့ ဖိတ်ကြားပါတယ်ခင်ဗျာ” လို့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက ပြောပါတယ်။
မွေးနေ့မတိုင်ခင်မှာ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ဟာ သားလှရတနာတွေဖြစ်တဲ့ ဇေဘုန်းပိုင်နဲ့ စစ်ဘုန်းပိုင်တို့ကို ရှင်သာမဏေအဖြစ် မေလ ၂၃ ရက်ကသွတ်သွင်းခဲ့သလို ရှင်သာမဏေ ၁၀၈ ပါးကိုလည်း ရဟန်းခံရှင်ပြုအလှူ ပြုလုပ်ခဲ့ပါသေးတယ်။
“ကုသိုလ်တွေနဲ့ပြည့်နေတဲ့ မွေးနေ့လေးဖြစ်ပါစေ ဖေဖေရေ… ။ ဒီအလှူဟာ ဖေဖေ့အတွက် မေမေနဲ့ သမီးလေးရဲ့ မွေးနေ့လက်ဆောင်ပါ..။ သားနှစ်ယောက်ကတော့ ဖေဖေ့အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင်အဖြစ် သာသနာ့ဘောင်ထဲဝင်ပြီး ကိုရင်ဝတ်ပေးခဲ့လို့ ဖေဖေကျေနပ်နေမှာပါ။ မိသားစုတစ်ခုလုံးရဲ့ လုံခြုံတဲ့ အရိပ်အမိုးဖြစ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဖေဖေ။ ရွာထဲဆွမ်းခံကြွကြတဲ့ ကိုရင်လေးတွေ…ဒီအမေက ဝမ်းသာပီတိတွေဖြစ်ပြီး ငိုမိပြီ။ ကိုရင်လေးတွေကို စောင့်ရှောက်ပေးတဲ့ မင်းလွင်ကုန်းရွာသူရွာသားတွေ ဆရာတော်ဘုရားနဲ့တကွ မင်းလွင်ကုန်းဘုရားကျောင်းဝေယျာဝစ္စအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းရဲ့ဇနီးဖြစ်သူက ပြောပါတယ်။
ပိုင်ဇေရဲထွန်းကတော့ ၁၉၉၇ ခုနှစ်က စတင်ပြီး အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး မေတန်ခူးနှင့် ဖိုးသင်္ကြန် ရုပ်ရှင်ဇာတ်ကားကြီးကို လှအဥ္ဇလီတင့်နဲ့အတူ ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ ချစ်သူကောင်မလေး ဇင်သဲနိုင်နဲ့ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး လက်ရှိအချိန်မှာ သားသမီးသုံးယောက်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
#ပိုင်ဇေရဲထွန်း #ဇင်သဲနိုင် #PaingZayYeTun #ZinThaeNaing #MyanmarActor #MyanmarCele #MyanmarCeleBirthday #မင်းလွင်ကုန်း










