၂၅.၅.၂၀၂၆
Translated by Htwe Ko Tun
စပိန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာမှုနှင့် လူဦးရေတိုးပွားလာ၍ အိမ်ရာဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့် အိမ်ရာရှားပါးမှုအကျပ်အတည်း ဖြစ်ပေါ်လာမည်ကို ကာလကြာရှည်ကပင် စိုးရိမ်မှုများ မြင့်တက်လာလျက်ရှိရာ မြို့တော်မက်ဒရစ်တွင် မေလ ၂၄ ရက်၌ အိမ်ရာငှားရမ်းခများ မြင့်တက်လာခြင်းနှင့် အိမ်ရာရှားပါးမှုကို လူထောင်ပေါင်းများစွာက ဆန္ဒပြရှုတ်ချခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြပွဲကို အိမ်ငှားရမ်းသူများ၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် ပြင်းထန်သော အိမ်ရာအကျပ်အတည်းကို တိုက်ဖျက်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အောက်ခြေလူတန်းစားများ ဦးဆောင်ပါဝင်သည့် မက်ဒရစ် ငှားရမ်းသူများသမဂ္ဂက စီစဉ်ကျင်းပခဲ့ကြသည်။ ဆန္ဒပြပွဲစီစဉ်သူများက လူ ၁၀၀,၀၀၀ ကျော် ချီတက်ပွဲတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အာဏာပိုင်များကမူ ၂၃,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
မက်ဒရစ်တွင် ပြုလုပ်ခဲ့သော ထိုဆန္ဒပြပွဲ၌ ချီတက်ဆန္ဒပြသူများက အိမ်ရာငှားရမ်းခများ မြင့်တက်လာခြင်း၊ အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်းနှင့် အိမ်ရာရှားပါးမှု တိုးပွားလာခြင်းတို့ကို ကန့်ကွက်ခဲ့ကြသည်။
ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၏ အစိုးရမှ အိမ်ရာအကျပ်အတည်းကို ဖြေရှင်းရန် မကြာသေးမီက လုပ်ဆောင်ခဲ့သော်လည်း ဆန္ဒပြပွဲကို မက်ဒရစ် ငှားရမ်းသူများသမဂ္ဂမှ စီစဉ်ပြီး စပိန်နိုင်ငံ၏ အဓိက ကုန်သွယ်ရေးသမဂ္ဂနှစ်ခုမှ ထောက်ခံခဲ့ကြခြင်းဖြစ်သည်။
စပိန်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အိမ်ထောင်စုအသစ်အရေအတွက်သည် ဆောက်လုပ်ထားသော အိမ်သစ်အရေအတွက်ထက် ပိုမိုမြန်ဆန်စွာ တိုးပွားလာခဲ့ပြီး အိမ်ခြေ ၇၀၀,၀၀၀ ခန့် ပြတ်လပ်လိုအပ်မှုဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
“လူတွေဟာ ပိုမိုကျပ်တည်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရပြီး မျှဝေခန်းတွေမှာ ဒါမှမဟုတ် တခြားမိသားစုတွေနဲ့တောင် အတူနေထိုင်ရတာတွေတောင် ဖြစ်နေပါတယ်” ဟု ငှားရမ်းသူများသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ Fernando de los Santos က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ စာရင်းအင်းအေဂျင်စီ Eurostat ၏ အဆိုအရ အိမ်ရာကုန်ကျစရိတ်များသည် ၂၀၂၅ ခုနှစ်တွင် ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။
ယင်းကို တန်ပြန်ရန်အတွက် စပိန်အစိုးရသည် လာမည့်လေးနှစ်အတွင်း အများပြည်သူအိမ်ရာများ ပိုမိုတည်ဆောက်ရန် ယူရို ၇ ဘီလျံ (ဒေါ်လာ ၈ ဒသမ ၂၃ ဘီလျံ) တန်ဖိုးရှိ အစီအစဉ်အသစ်တစ်ခုကို ဧပြီလက အတည်ပြုခဲ့သည်။ ၎င်းစီမံချက်တွင် လူငယ်အိမ်ငှားရမ်းသူများနှင့် အိမ်ဝယ်သူများအတွက် အကူအညီလည်း ပါဝင်သည်။
ဆန္ဒပြသူများက ခရီးသွားများအား အိမ်ငှားရမ်းမှုများကို အစိုးရမှ ပိုမိုပြင်းထန်စွာ နှိမ်နင်းရန်လည်း တောင်းဆိုခဲ့ကြသည်။ စပိန် ခရီးသွားလုပ်ငန်းတိုးတက်မှုသည် အိမ်ရာအကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း ၎င်းတို့က ပြောခဲ့ကြသည်။
စပိန်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးတက်မှုကာလအတွင်း နှစ်ပေါင်းများစွာ ဟိုတယ်တိုးတက်မှုထက် ကျော်လွန်ပြီး မြို့လယ်ခေါင်တွင် အားလပ်ရက်အိမ်ငှားရမ်းမှုများ မြင့်တက်လာခဲ့ရာ ဒေသခံများက အားလပ်ရက်အိမ်ငှားရမ်းမှုများ ပျံ့နှံ့လာခြင်းကြောင့် အိမ်ငှားခနှင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။
ယခုအခါ အာဏာပိုင်များက ဒေသခံနေထိုင်သူများအတွက် အိမ်ရာရှားပါးမှုကို ကာကွယ်ရန် ဖိအားများ မြင့်တက်လာသည်နှင့်အမျှ စည်းမျဉ်းများကို တင်းကျပ်လာကြကြောင်း သိရသည်။
Ref- DW News
